သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီနယ်မြေရှင်းမှုအတွင်း ဒေသခံတချို့ ဖမ်းခံရ  


စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမီးရှို့ခံခဲ့ရစဉ် / ကနီ
စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမီးရှို့ခံခဲ့ရစဉ် / ကနီ

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာမှာ စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်နေပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဖမ်းခံရသူ ဒေသခံတချို့လည်းရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဝင်းခန့် တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာမှာ ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်း ၁၁ နာရီကျော်မှာတော့ စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာ ၁၇ ရက်ကစလို့ စစ်ကောင်စီရေယာဉ်တွေဟာ မုံရွာကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ဆန်တက်လာပြီး ကနီမြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာတော့ မုဌောရွာအနီးမှာ ၂ ဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လာတာလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“မုဌော ၂ (အရှေ့အနောက်) ရွာကြားမှာ မနက် ၁၀ နာရီလောက်ကတည်းက တိုက်ပွဲစဖြစ်နေတာ။ လေယာဉ်က ၁ စီးတည်းပါခင်ဗျ။ Mig 35 နဲ့ ပစ်တာ။ နာရီဝက်ကျော်ကျော်လောက်ကိုကြာတာ။ နာရီဝက် ၄၅ မိနစ်လောက်ကိုပျံတယ်။ အဲ့လို ပတ်တိုင်းလည်း ပစ်တာပဲ။ ခြေကျင်စစ်ကြောင်းကော ရေကြောင်းကော ကျနော်တို့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။”

တိုက်ပွဲပြင်းထန်တာကြောင့် ၂ ဘက်အကျအဆုံးရှိပြီး အတိအကျ မသိရှိရသေးဘူးလို့ ပြောပါတယ်။ မနက်ကတည်းကနေ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေရှိနေပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်လာနိုင်သလို လက်ရှိ စစ်ကောင်စီ ခြေကျင်စစ်ကြောင်းဟာ မုဌောအနောက်ရွာမှာ တပ်စွဲထားပါတယ်။

စစ်ကောင်စီရေယာဉ်တွေ ဆန်တက်လာကတည်းက ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေပါတယ်။ တိမ်းရှောင်ထွက်ပြေးစဉ် စစ်တပ်က ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံတွေ ဖမ်းခံထားရတာရှိတယ်လေ။ သရက်ပင်ရွာက ၃ ယောက် ပါသွားတာ ပြန်မလွတ်သေးဘူး။ မနေ့က ဖမ်းသွားတာ။ အဲ့ဒါစစ်ရှောင်ရင်းနဲ့တောတွေထဲ ပုန်းနေရာကနေ မိသွားတာ။ ခြံတွေထဲ ပုန်းနေရင်းနဲ့မိသွားတာ။”

စစ်ဘေးလွတ်အောင် ပုန်းရှောင်နေကြရတာ ၅ ရက်လောက်ရှိနေပြီဖြစ်လို့ စားသောက်ရေးအခက်အခဲတွေဖြစ်နေကြပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်နေရာမှာ စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းသုံး တိုက်ခိုက်လေ့ရှိပါတယ်။ အခု ကနီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

========================

[[Unicode]]









XS
SM
MD
LG