သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက် ဘာသာရေးခေါင်းဆောင်တဦး အဖမ်းခံရပြီးနောက် အလောင်းပြန်တွေ့


ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ။ (မေ ၃၁၊ ၂၀၂၁)
ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ။ (မေ ၃၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တဦးကို သံသယနဲ့စစ်ကောင်စီ တပ်ကဖမ်းဆီးပြီးနောက် မနေ့ကတော့ အလောင်းကိုပဲ ပြန်တွေ့ရတယ်လို့ အသင်းတော်တာဝန်ရှိသူတွေကပြောပါတယ်။ CDF ချင်းကာကွယ်ရေးအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ ခရစ်ယာန်အသင်းတော်တာဝန်ရှိသူတွေ ဖမ်းဆီးခံရတာတွေရှိသလို တချို့လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုတ်ဖိုကျေးရွာက ခရစ်တော်ယာန်အသင်း တော် ဓမ္မအမှုတော်ဆောင်တဦးကို မြန်မာစစ်တပ်ကနေ ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် မနေ့ကတော့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတာလို့ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတဦးကပြောပါတယ်။

“ကန်ပက်လက်မြို့ဟောင်းမှာ အသင်းတော်Pastorပေါ့ တာဝန်ကျထားတယ်။ အဲဒီနေ့က မြို့ဟောင်းဘက်ကနေ အုတ်ဖိုရွာဘက်ကို သူသွားတဲ့အချိန်မှာ သူ့ကို ဖမ်းသွားတာလို့။ သူ့ကိုမဖမ်းခင်မှာ အဲဒီဘက်မှာ ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်နဲ့က တိုက်ပွဲဖြစ်တာ ရှိခဲ့တယ်။ အဲဒီ အုတ်ဖိုဘက်ကိုသူသွားတဲ့အချိန်မှာ စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့တွေ့တော့ သူ့ကိုဖမ်းသွားတာတဲ့။ ဖမ်းသွားပြီးတော့ ကန်ပက်လက်ဘက်ကို သူ့ကိုခေါ်လာရင်းနဲ့ လမ်းမှာပဲ သူ့ကိုပစ်သတ်လိုက်တယ် လို့တော့ ကြားရတာပေါ့နော်။ သူ့အလောင်းကို သူတို့မနေ့ကပဲ တွေ့တယ်။ (၁၃) ရက်နေ့မှာပဲ အလောင်းတွေ့တယ်။ သူ့ကိုဖမ်းတာ (၁၁) ရက်နေ့ကပဲ။ စစ်ကောင်စီကဖမ်းပြီးတော့ (၁၂) ရက်နေ့လောက်မှာ သူ့ကို သတ်တယ်လို့ပြောတယ်။ (၁၃) ရက်နေ့ကျမှပဲ သူ့အလောင်းကိုတွေ့တယ်။”

ကန်ပက်လက်မြို့နယ် အုတ်ဖိုကျေးရွာက ဓမ္မအမှုတော်ဆောင် ဆရာတော်အွမ်ကီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လမ်းမှာ ခေါ်ယူဖမ်းဆီးသွားတာလို့ ဒေသခံတွေနဲ့ အသင်းတော်တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒိနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့မွန်းလွဲပိုင်းမှာတော့ ပန်းလေပြေဟိုတယ်ရှေ့ လမ်းဘေးမှာ သေဆုံးနေတဲ့ သူ့ ရုပ်အလောင်းကို တွေ့လိုက်ရတာပါ။

အသက် (၃၀) အရွယ် သေဆုံးသူ ဆရာတော်အွမ်ကီးရဲ့ရုပ်အလောင်းကိုတော့ မနေညနေပိုင်းကန်ပက်လက်မြို့ မြို့ဟောင်းသင်္ချိုင်းမှာ သဂြိုဟ်ခဲ့ပါတယ်။

ဓမ္မအမှုတော်ဆောင် ဆရာတော်အွမ်ကီး ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အသေးစိတ်မသိရပေမဲ့ ဒေသတွင်း ထကြွ ခုခံတော်လှန်နေတဲ့ CDF ချင်းကာကွယ်ရေးအဖွဲ့နဲ့ ပက်သက်နေတယ်ဆိုပြီးသံသယနဲ့ စစ်ကောင်စီဘက်က ဖမ်းဆီးတာလို့ ယူဆ ကြောင်း ကန်ပက်လက်မြို့ခံတဦးကပြောပါတယ်။

“ချင်းပြည်နယ်မှာထတဲ့သူတွေက ခရစ်ယာန်တွေပဲ။ Pastorတွေနဲ့လည်း ပက်သက်မှုရှိတယ်လို့ထင်ကြတယ်။ ပက်သက်မယ်လို့သူတို့ထင်ပြီးမှ အထင်လွဲပြီးမှ ဖြစ်တယ်လို့ပြောရမှာ။”

အခုလို ကန်ပက်လက်မြို့နယ်က ခရစ်တော်ရဲ့အသင်းတော် ဓမ္မအမှုတော်ဆောင် တဦး ဖမ်းဆီးခံရစဉ်သေဆုံးခဲ့မှုနဲ့ပက်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရကိုဖုံးနဲ့ဆက်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး CDF တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေအတွင်း CDF တပ်ဖွဲ့တွေကိုထောက်ခံတယ်ဆိုတဲ့ယူဆချက်နဲ့ ခရစ်ယာန်အသင်းတော် ဓမ္မအမှုတော်ဆောင် (၃) ဦး အသတ်ခံခဲ့ရတယ်လို့ ခရစ်ယာန်အသင်းတော်တာဝန်ရှိသူတဦးကပြောပါတယ်။

“ချင်းပြည်နယ်မှာ လောလောဆယ်တော့ (၃) ယောက်ပေါ့။ ထန်တလန်မှာတယောက်၊ မတူပီမှာတယောက်၊ အခုကန်ပက်လက်မှာ တယောက် (၃)ယောက်ပေါ့။ ဖမ်းဆီးပြီးတော့အသတ်ခံရတာပေါ့။ ဟားခါးမှာတယောက် Pastor တယောက် အိမ်ကို ချိတ်ပိတ်ခံရတယ်လေ။”

ဒါ့အပြင် စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း နေရပ်ကနေတိမ်းရှောင်နေရတဲ့ အသင်းတော်တာဝန်ရှိသူတွေလည်း များပြားနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အားလုံး အားလုံးပြေးကြတာပဲ။ထန်တလန်ဘက်ကလည်း ပြေးကြတယ်။”

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး CDF တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကလေးငယ်၊ အမျိုးသမီးတွေအပါအဝင် လူဦးရေ ၇ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ချင်းဒုက္ခသည်ကော်မီတီတွေရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]















#MyanmarMilitaryCoup #MyanmarViolence #MyanmarArrest #VOABurmese


XS
SM
MD
LG