သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း၊ ကန်ပက်လက်နဲ့ စစ်ကိုင်း၊ ကလေးမြို့မှာ တိုက်ပွဲများဖြစ်ပွား


စစ်ကောင်စီ တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တဲ့ ကန်ပက်လက် မြို့တနေရာ (ယခင်မှတ်တမ်းဓာတ်ပုံ)
စစ်ကောင်စီ တပ်တွေ ဝင်ရောက်မီးရှို့ခဲ့တဲ့ ကန်ပက်လက် မြို့တနေရာ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းမှာ ဇွန်လ (၉) ရက်နေ့ကနေ ဒီကနေ့ (၁၃) ရက်နေ့အထိ ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွါးနေပါတယ်။ စစ်ကောင်စီတပ်ကသိမ်းပိုက်ထားတဲ့ ကန်ပက်လက် CDF တပ်ရင်း (၂) စခန်းတည်နေရာ Vakok စခန်းနဲ့ ကန်ပက်လက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီဘက်က ပြောပါတယ်။ အလားတူ စစ်ကိုင်းတိုင်းကလေးမြို့ပေါ်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းမှာ ဇွန်လ (၉) ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲဖြစ်ပွါးနေပါတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်ကနေ သိမ်းဆည်းထားတဲ့ CDF တပ်ရင်း (၂) စခန်းတည်နေရာ Vakok (အောက်ချင်းငှက်) ဌာနချုပ်နဲ့ ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့တယ်လို့ ကန်ပက်လက် CDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“(၉) ရက်ကနေစတယ်ပေါ့ တိုက်ပွဲက။ (၁၂) ရက်နေ့အထိပေါ့။ မနေ့က (၈)နာရီကနေ ညနေ (၅) နာရီ အထိ တနေကုန်နီးပါး ပေါ့။ ပစ်ခတ်မှု ထိတွေ့မှု ရှိတယ်ပေါ့။ အဲဒီမှာကတော့ ကျနော်တို့တပ်ရင်း (၂) Vakok တပ်ရင်းစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဝိုင်းဝန်းပြီးမှ ကျနော်တို့ ပစ်ခတ်တယ်။ ကျနော်တို့ရဲ့စခန်းကို မီးရှို့ဖျက်ဆီးကြတယ်ပေါ့လေ။ နောက်ပိုင်းမှာတပ်ရင်း (၂) စခန်းကနေ ထွက်လာကြပြီးမှ ကျနော်တို့ရှိတဲ့နေရာတွေကိုထပ်ပြီးမှ စစ်ကြောင်းထိုးစစ် ဆင်တယ်ပေါ့။ ထိုးစစ်ဆင်တဲ့အခါမှာ ကျနော်တို့ဘက်ကခုခံတိုက်ခိုက်တော့ အဲဒီတိုက်ပွဲမှာ (၁၁) ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ ကျနော်တို့ခန့်မှန်းရတယ်ဗျ။ တဆက်တည်းမှာပဲ ကန်ပက်လက်မြို့ ထွေ/အုပ်ရုံးမှာတပ်စွဲထားတဲ့ဟာတွေကိုကျနော်တို့ဝင်ရောက်ပစ်ခတ်တယ်ပေါ့။ အဲဒီမှာ (၅) ဦးထက်မနည်း သေဆုံးပြီးတော့ ဒဏ်ရာရရှိသူများတယ်လို့ ကျနော်တို့ ခန့်မှန်းရပါတယ်။”

ပြီးခဲ့တဲ့ဇွန်လ (၁၀) ရက်နေ့တုန်းက CDF တပ်ရင်း (၂) စခန်းတည်နေရာ Vakok (အောက်ချင်းငှက်) ဌာနချုပ်နဲ့ YDF စခန်းကို စစ်ကောင်စီတပ်တွေကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိ လက်လွှတ်လိုက်ရတဲ့ စခန်းနှစ်ခုကို ပြန်ရရှိဖို့ တိုက်ပွဲဝင်နေဆဲလို့ ကန်ပက်လက် CDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ YDF ဆိုတာထက် The Youth Force စခန်းရယ်၊ ကျနော်တို့ရဲ့ တပ်ရင်း (၂) စခန်းရယ်ကတော့ အခုချိန်ထိပြန်လည်သိမ်းပိုက်တာမျိုးတော့ မရှိသေးဘူးဗျ။ ဆက်လက်ပြီးမှ တိုက်ပွဲပြင်းထန်လာနိုင်ဘွယ်ရှိတယ်။”

ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ကန်ပက်လက်မှာတော့ ဖြစ်ခဲ့တာတော့ (၁၀) ရက်နေ့မှာတော့ တကြိမ်ရှိတယ်။ မြို့ရဲ့မြောက်ဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက် (၅၀) လောက်က ပစ်တာရှိတယ်။ အဲဒီမှာတော့ သူတို့ဆီက ဗုံးသီးတွေရယ်၊ တဲတွေရယ်၊ TNT ယမ်းတောင့်တွေရယ် မိခဲ့တယ်။ နောက်တခုကတော့ (၁၂) ရက်နေ့မှာ တခါရှိတယ်။ (၁၂) ရက်နေ့မှာတော့ ကန်ပက်လက်မှာရှိတဲ့ ထွေ/အုပ်ရုံးမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာပစ်တာရှိတယ်။ ဒီဘက်ကတော့ ထိခိုက် ဒဏ်ရာ ရတာမရှိဘူး။ ဟိုဘက်ကတော့ ကျနော်တို့သေနတ်တလက်ရရှိတာရှိတယ်။ ”

CDF-Kanpetlet အပါဝင် မဟာမိတ်တွေဖြစ်တဲ့ The Youth Force (Saw, Kyaukhtu) ၊ PDF (ညောင်ရမ်း) ၊ Saw PDF တပ်ရင်း (၂) (YRPA) တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးနေတာပါ။

ဒီလိုရက်ရှည်ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ ဖမ်ပုံ၊ ရဲလောင်းပန်း၊ ကြော့တော်၊ ဖားပြိုင်း စတဲ့ရွာသား (၉၀၀) နီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး ယနေ့တိုင် နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်အကူညီပေး အဖွဲ့ဝင်တဦးကပြောပါတယ်။

“အထက်လက်မွန်မှာ (၄၀၀) နဲ့ (၅၀၀) ကြားရှိမယ်။ တချို့လူတွေဟာအနောက် ဘက် ခီးတော်ဘက်မှာရှောင်တဲ့အဖွဲ့ရှိတယ်။ တုန်နယ်ဘက်မှာရှောင်တဲ့အဖွဲ့ ရှိမယ်။ ခန့်မှန်းခြေက အဲဒီဘက်မှာလည်း (၃၀၀) နဲ့ (၄၀၀) ကြားမှာရှိမယ်ထင်တယ်။ စုစုပေါင်းက စစ်ဘေးရှောင်က (၉၀၀) နဲ့ (၈၀၀) ကြားရှိမယ်။ အိမ်မပြန်နိုင်သေးဘူး။ အခုဟာက ဒီနေ့ သူတို့ပြောတဲ့ပုံစံအတိုင်း ရဲလောင်းပန်းမှာ မနေ့ကသွားကြိုတဲ့အဖွဲ့နဲ့ ဟိုဘက်တက်လာတဲ့အဖွဲ့ဟာ ရဲလောင်းပန်းမှာ ဆုံသလိုလိုနဲ့ ကြားလိုက်တယ်။ ဆက်လက်ပြင်းထန်မဲ့ အခြေအနေတော့ရှိတယ်။”

တိုက်ပွဲဖြစ်ပွါးနေတဲ့ရွာ (၄) ရွာက ရွာသားတွေအပါအဝင် စစ်ကောင်စီ စစ်ဆင်ရေးလမ်းကြောင်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၉ ရွာက ပြည်သူနှစ်ထောင်ခန့်ဟာလည်း စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။ လုံခြုံရေးအခြေအနေအရ ဒီစစ်ဘေးရှောင်တွေကို အကူညီပေးဖို့ ခက်ခဲနေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

အလားတူးချင်းပြည်နယ်နဲ့ကပ်လျက် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် တာဟန်းရပ်ကွက်မှာလည်း ဇွန်လ (၁၂) နေ့က တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လက်နက်ကြီးကြောင့် နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ကလေးမြို့ခံတဦးကပြောပါတယ်။

“မနေ့ညက တာဟန်းမှာတိုက်ပွဲဖြစ်တယ်။ လက်နက်ကြီး (၁၂) နာရီလောက်ကနေ (၂) နာရီလောက်အထိ လက်နက်ကြီး (၁၀) ချက်ထက်မနည်း ပစ်တယ်။ လူနေရပ်ကွက်တွေထဲကို။ အိမ်တလုံးထိတယ်။ လူထိတာတော့မကြားသေးဘူး။”

လက်ရှိကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွါးတာမရှိပေမယ့် စစ်ကောင်စီတပ်တွေကနေ ဟုမ်မလင်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့မေလက ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေအတွင်းမှာ အနည်းဆုံးကျေးရွာ (၉) ရွာ မီးရှို့ခံရပြီး အိမ်ခြေ (၂,၀၀၀) ခန့် မီးလောင်ကျွမ်းခဲ့ရပါတယ်။

လက်ရှိမီးရှို့ခံရတဲ့ ရှားဖိုရွာ၊ ဒိုးနွယ်ရွာနဲ့ အရှေ့စည်းရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေမရှိတော့လို့ ရွာခံတချို့နေရပ် ပြန်ကြတာရှိပေမယ့် အများစုက မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]


















=============

XS
SM
MD
LG