သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနယ်မှာ အကြမ်းဖက်ဆူပူမှု ဖြစ်ပွား


ဒီနှစ်အစောပိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပုံရိပ်တချို့။ (မတ်လ ၂၁ ရက်၊ ၂၀၁၃)
ဒီနှစ်အစောပိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပုံရိပ်တချို့။ (မတ်လ ၂၁ ရက်၊ ၂၀၁၃)
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့က ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀ လောက် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ကောလာဟလ သတင်းတွေ ပြန့်သွား ရာက ပြဿနာကြီးသွားခဲ့ပြီး အကြမ်းဖက်မှုတွေ စပြီးဖြစ်ခဲ့တဲ့ ကန့်ဘလူမြို့နယ် ထန်းကုန်းရွာထဲမှာ အခုလောလောဆယ် လုံခြုံရေးဟာ တည်ငြိမ်စ ပြုနေ ပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ကန့်ဘလူ မဲဆန္ဒနယ်က လွှတ်တော်အမတ်တဦးက ပြောပါတယ်။ အခြေအနေ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

စနေနေ့ ညနေပိုင်းလောက်မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာတွင်းမှာ ဇီးပင်သာကျေးရွာသူ အမျိုးသမီးငယ် တစ်ယောက်ကို မူဆလင်လူငယ်တစ်ဦးက စနောက်ပြီးနှောင့်ယှက်တဲ့ အဖြစ်အပျက်ကနေ တဆင့်စကား ပြန့်ကားသွားခဲ့ပြီးတဲ့နောက် ထန်းကုန်းကျေးရွာတွင်းကို ထန်းကုန်းအနီးအနား ကျေးရွာကလူတချို့ ရောက်လာပြီး ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ထန်းကုန်းရွာအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူ မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဖြစ်တဲ့နေရာက ကန့်ဘလူမြို့နယ် ထန်းကုန်းမှာ ဖြစ်တာပါ။ ဆင့်ပွားပြီး နယ်ချဲ့သွားတဲ့သဘောမျိုးပေါ့။ မြန်မာ မိန်းကလေးကို မူဆလင် ဘာသာဝင် ယောကျ်ားလေးက လိုက်ပြီးတော့ စကားပြောတာကနေ စပြီးတော့ ဖြစ်သွားတာပါ။ အဖြစ်အပျက် သေးသေးလေးကို အကျယ်ချဲ့ပြီးတော့ လွယ်လွယ်ပြောရင် စောစောစီးစီး မထိန်းသိမ်းနိုင်တဲ့အတွက် ခုလောက် ကျယ်ပြန့်သွားတာပါ။ ဒါပါပဲ။ ကောလာဟလ မဟုတ်ဘူး။ ဖြစ်စဉ် က သေးသေးလေးပဲ။ သေးသေးလေးကို နိုင်အောင် မထိန်းချုပ် နိုင်တဲ့အတွက် ကျယ်သွားတာပဲ။ အခုဟာက ရဲတွေမှာလည်း အထက် အမိန့် နာခံနေရတာတွေ၊ မီးသတ်တွေကလည်း ရှေ့တိုးရင် ခဲနဲ့ထုခံရတာ၊ ခွနဲ့ ထုခံရတာ ဆိုတော့ နောက်ဆုတ်နေရတာတွေ။ လုပ်ပိုင်ခွင့် တိတိကျကျ ဆောင် ရွက်နိုင်ခြင်း မရှိတဲ့အတွက် ကျယ်သွားတာပါပဲ။ ဒါပါပဲ။”

အဆိုပါ မူဆလင်လူငယ်ကို ထိန်းသိမ်းထားတဲ့ ထန်းကုန်းရဲစခန်းရှေ့ကို အနီးအနား ကျေးရွာတွေက လူအချို့ပါ ရောက်ရှိစုဝေးလာပြီး အဲ့ဒီမူဆလင်လူငယ်ကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ညပိုင်းမှာတော့ ကျေးရွာတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ ထန်းကုန်းအတွင်း အဓိကရုဏ်းအဆင့်အထိ မဖြစ်ခဲ့ပေမဲ့ မကျေနပ်သူ လူအုပ်စုတွေက မီးရှို့ဖျက်ဆီးမှုတွေ လိုက်လုပ်တဲ့ အတွက် နေအိမ်အလုံး ၃၀ မီးလောင် ပျက်စီးခဲ့ရပြီး နေအိမ်တွေ၊ ဈေးဆိုင် ခန်းတွေကိုလည်း အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခံခဲ့ရတယ်လို့ ကန့်ဘလူအမတ်က ပြောပါတယ်။

“အဓိကရုဏ်းရယ်လို့ မဟုတ်ပါဘူး။ မူဆလင် ဘာသာဝင်တွေကလည်း ဘယ်သူမှ တယောက်မှလည်း ပြန်လှန်လုပ်တာ မရှိပါဘူး။ သူတို့ ဗလီတခုကိုပဲ ပြန်လည် ကာကွယ်တာ တခုပဲ ရှိတယ်။ ကျန်တဲ့နေရာတွေက ငြိမ်ခံနေတဲ့သဘောမျိုး ပါပဲ။ လူတွေက မီးလောင်တော့ ထွက်ပြေး ပုန်းရှောင်နေတော့ လူမရှိတဲ့အိမ်တွေ ရှို့သွားတဲ့သဘောမျိုးပါ။ မီးရှို့ခံရတဲ့အိမ်တွေကတော့ အမှတ် (၁) (၂) (၃) ရပ်ကွက်ရဲ့ နောက်ဖျားက အထူးသဖြင့်နေတဲ့အိမ်တွေ ဖြစ်ပါတယ်။ ရွာခံတွေနဲ့တော့ ဘာမှမဆိုင်ဘဲ ရွာခံတွေကတော့ အားလုံး သင့်သင့်မြတ်မြတ်ပဲ။ လှုံ့ဆော်တဲ့ဟာတွေက အများသဖြင့် အနီးအနားရွာတွေက။ အထူးသဖြင့် ဝက်သိုးတွေ၊ ညောင်ပင်ကြီး တို့၊ အင်ဖက်တော တို့ အုတ်ဖို တို့၊ ရေကြည်တို့ အဲဒီ ပတ်ဝန်းကျင်ရွာတွေက လာပြီးလုပ်တာပါ။”

လောလောဆယ်မှာတော့ တနင်္ဂနွေညနေပိုင်းအထိ အခြေအနေဟာ တည်ငြိမ်စပြုနေပြီ ဖြစ်ပါတယ်လို့ ကန့်ဘလူ မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

“ထိခိုက် ဒဏ်ရာရမှု မရှိပါဘူးခင်ဗျ။ လေးခွမှန်တဲ့ဟာ နှစ်ဦးလောက်ပဲ ရှိပြီးတော့ ကျန်တဲ့ဟာကတော့ ဘာမှ ထိခိုက် ဒဏ်ရာ ရတာမရှိဘူး။ သာမန် နာကျင်မှုပဲ။ နောက်ပြီးတော့ ပျက်ဆီးဆုံးရှုံးမှုကတော့ အိမ်ခြေ ၃၃ ပတ်ဝန်းကျင်လောက် ပျက်ဆီး ဆုံးရှုံးသွားတယ်။ ဆိုင်ခန်း ၉ ခန်း။ အဲဒါပဲ ပျက်ဆီးသွားတယ်။ သိပ်ပြီး ဆိုးဆိုးရွားရွား ဖြစ်တာမရှိပါဘူး။ လက်ရှိတော့ အေးအေးချမ်းချမ်းပါပဲ။ လုံခြုံရေးအတွက် သူတို့ စီမံဆောင်ရွက်နေပါတယ်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ငြိမ်ငြိမ်သက်သက်ပါပဲ။”

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာအတွင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သံလမ်းဘေးရှိ ဈေးဆိုင်တွေ၊ နေအိမ်တွေနဲ့ ကြက်ခြံကို မီးရှို့ဖျက်ဆီးတဲ့ အတွက်ကြောင့် လူနေအိမ် ၃၉ လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံ မီးလောင်ကျွမ်းပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်၊ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရတယ်လို့ ကြေညာပါတယ်။ အခုအချိန်မှာတော့ တာဝန်ရှိသူတွေအနေနဲ့ နောက်ထပ် အကြမ်းဖက်မှု မဖြစ်အောင် လုံခြုံရေးကို ထိန်းသိမ်းဆောင်ရွက်နေပြီး အကြမ်းဖက်ဖျက်ဆီးမှုမှာ ပါဝင်သူတွေကို အမှုဖွင့်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လည်း ပြန်ကြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG