သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆွေးနွေး


Business for Peace – B4P တွေ့ဆုံပွဲ။ (ကုန်သည်စက်မှုအသင်းချုပ်)
Business for Peace – B4P တွေ့ဆုံပွဲ။ (ကုန်သည်စက်မှုအသင်းချုပ်)

ကရင်ပြည်နယ်တွင်းမှာစီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ငြိမ်းချမ်းရေးတွေမရှိဘူးဆိုရင် အခြေခံကျတဲ့လုပ်ငန်းတွေကအစ အခက်အခဲတွေ တွေနိုင်တာကြောင့် ကုန်သည်စက်မှု အသင်းချုပ်၊ ဒေသခံပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်နယ်အစိုးရတို့ ဟာ မေလ ၁၄ရက်နေ့ကရင်ပြည်နယ်ဘားအံမြို့မှာ ဆွေးနွေး ညှိနှိုင်း ခဲ့ဲကြပါတယ်။ ကုန်သည် စက်မှုအသင်းချုပ် အနေဖြင့် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ “Business for Peace – B4P” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီတိုင်းနဲ့ ပြည်နယ် တွေကိုသွားရောက်ပြီး ညှိနှိုင်းမူတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂရဲ့တာဝန်ကျေတဲ့လုပ်ငန်းများဆိုင်ရာကွန်ယက်ဖြစ်တဲ့ Global compact (UNGC) မှာ ကရင်ပြည်နယ်တွင်း စီပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်တာတွေ လူမှုအကျိုးပြုတဲ့ စီးပွားရေး အသိုင်းအဝိုင်း တခုဖန်တီးဖို့အတွက် မေလ ၁၄ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်တဲ့ “Business for Peace – B4P” ကို ကုန်သည်စက်မှု အသင်းချုပ်က ဦးဆောင်လုပ်ခဲ့တာပါ။

ကရင်ပြည်နယ်ဟာ နယ်စပ်မြို့ဖြစ်ပြီး ထိုင်းနဲ့ မြန်မာအဓိက ကုန်သွယ်စီးဆင်းမူတွေ ရှိနေတဲ့ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ ဒီအတွက် ကရင်ပြည်နယ်အတွင်းမှာ စီးပွားလုပ်ငန်းတွေ လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းမူဟာ အရေးကြီးနေရာမှာပါဝင်တယ်လို့ ကုန်သည်စက်မှု အသင်းချုပ်ပြည်သူ့ဆက်ဆံရေးဌာန ရဲ့ပြောရေးဆိုခွင့် ရှိသူ ဦးထက်လင်းဦးက အခုလိုပြောပြပါတယ်။

“ဘယ်လောက်အထိအရေးကြီးလဲဆိုတော့ တကယ့်ကို အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျနော်တို့ ကရင်ပြည်နယ်မှာ သွားခဲ့တဲ့အတွေ့အကြုံဆိုရင်ငြိမ်းချမ်းရေးမရှိဘူး လက်နက်ကိုင်တိုက်ပွဲတွေဖြစ်တယ်။ ပြည်တွင်း ပဋိပက္ခတွေဖြစ်တယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေမှာ အခြေခံလုံးဝကျတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ့တယ်ခင်ဗျ။ ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်ဖလှယ်ရေးဆိုတဲ့ အခြေခံကျတဲ့ စီးပွားရေးရဲ့ အခန်းကဏ္ဍတောင်မှ ဆောင်ရွက်လို့မရပါဘူး။ ပြီးတော့နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေရော ပြည်တွင်းလုပ်ငန်းရှင်တွေရော လိုချင်ကြတာ သေချာချင်ကြတာက သူတို့ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် သူတို့ ရင်းနှီးမြှုပ်နှံဖို့က သူတို့စီးပွားရေး အဆောက်အအုံတခု စီးပွားရေးလုပ်ငန်းတခုက ခိုင်မာနိုင်ပါ့မလား ၊ ရပ်တည်နိုင်ပါ့မလားကို အမြဲတမ်းစဉ်းစားပါတယ်။ ပြည်တွင်း ပဋိပက္ခ တွေဖြစ်နေတဲ့ အခါကျရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုရော၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံ မှုရော ပဋိပက္ခ တွေဖြစ်နေတဲ့နေရာတွေမှာ မလုပ်ချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်လိုက်တဲ့ ရင်းနှီးမြှုပ်နှံ မှုက ရေရှည်တည်တံ့မှာမဟုတ်ဘူး၊ ခိုင်မာမှာမဟုတ်ဘူး။ ဆိုပြီးတော့ သူတို့ယူဆတဲ့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရှိဘူးဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရှင်သန်ဖို့မလွယ်ပါဘူးခင်ဗျ။”

ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတွေ ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းချက်တွေကိုလည်း အခုလိုပြောသွားပါတယ်။

“Advocate လုပ်ဖို့ဆိုတာက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေရယ်၊ ကျနေ်ာတို့ ပြည်နယ်အစိုးရဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးတွေရယ် လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီးတော့ ကျနော်တို့ဆွေးနွေးခဲ့တာက လာမယ့် ရင်းနှီးမြှုပ်နှံ မှုတွေက တာဝန်ယူတဲ့၊ တာဝန်ကျေတဲ့လုပ်ငန်းတွေ ဖြစ်ရမယ်ဆိုတာကို ကျနော်တို့က အစိုးရရော ၊ လွှတ်တော်အမတ်တွေ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့တဲ့အခါမှာ ကျနော်တို့ပြောခဲ့ပါတယ်ခင်ဗျ။ တာဝန်ကျေတဲ့လုပ်ငန်းတွေဆိုတဲ့နေရာမှာလည်း တချို့စီးပွားရေးလုပ်ငန်းတွေက နာမည်ကြီးတဲ့လုပ်ငန်းတွေ၊ ကမ္ဘာမှာ အောင်မြင်တဲ့လုပ်ငန်းတွေမှာဆိုရင် သူတို့မှာ တာဝန်ကျေတဲ့အကြောင်း၊ ကျင့်ဝတ်လိုက်နာတဲ့အကြောင်း သေသေချာချာ ကမ္ဘာကိုချပြတဲ့လုပ်ငန်းတွေရှိတယ်ပေါ့နော် အဲဒီလိုလုပ်ငန်းတွေကိုဦးစားပေးပြီးတော့ ရင်းနှီးမြှုပ်နှံ ခွင့်ပေးဖို့ ကျနော်တို့က ပြည်တွင်းလုပ်ငန်းရှင်တွေကိုရော ဒေသကအစိုးရကိုရော ကျနော်တို့တိုက်တွန်းခဲ့ပါတယ်။”

UNGC ကို ကတိကဝတ်ပြုတဲ့ အခါမှာကုလသမဂ္ဂ က ထုတ်ပြန်ထာတဲ့ စည်းကမ်း (၁၀) ချက် ကို လိုက်နာရမှာတွေ လူ့အခွင့်အရေး၊ လုပ်သားအခွင့်အရေးတို့ကို လေးစားလိုက်ရမှာတွေ ၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တာတွေကိုလုပ်ဆောင်ရမှာဖြစ်ပြီး အဂတိလိုက်စားမှုကို ရှောင်ကျဉ်နိုင်ဖို့တွေ“ဥပဒေကိုလိုက်နာဖို့ ဥပဒေဘောင်အတွင်းကလုပ်ကြဖို့ ကျင့်ဝတ်ရှိတဲ့ လူမှုတာဝန်ယူ တဲ့ လုပ်ငန်းတွေ ဖြစ်ရမယ်” ဆိုတဲ့ အကြောင်းကိုတော့ တာဝန်ကျေတဲ့ လုပ်ငန်းများဆိုင်ရာ ကွန်ရက် UNGC Network Myanmar ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းသက်ကလည်း ကရင် ပြည်နယ်လုပ်ငန်းရှင်များကို တိုက်တွန်းသွားခဲ့ပါတယ် ။

ကရင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက UNGC Network Myanmar နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ “Business for Peace -B4P” ကိုရန်ကုန်မြို့မှာ ဧပြီလ ၄ ရက်နေ့က စတင် မိတ်ဆက် ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် တွေ မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG