သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှု ကရင်တိုင်းရင်းသား ၈၄,၀၀၀ လက်မှတ်ထိုး တိုင်ကြား


လူ့အခွင့်အရေး ချိုးဖောက်မှု ကရင်တိုင်းရင်းသား ၈၄,၀၀၀ လက်မှတ်ထိုး တိုင်ကြား
လူ့အခွင့်အရေး ချိုးဖောက်မှု ကရင်တိုင်းရင်းသား ၈၄,၀၀၀ လက်မှတ်ထိုး တိုင်ကြား

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ကရင်အမျိုးသား ၈၀,၀၀၀ ကျော်က လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ကရင်လူထု လှုပ်ရှားမှု အကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

နိုင်ငံတဝန်းမှာ နေထိုင်ကြတဲ့ ကရင်အမျိုးသားတွေဆီက စစ်အစိုးရ လက်နက်ကိုင် ထိုးစစ်တွေကို ရပ်စဲရေး လက်မှတ်ရေးထိုး လှုပ်ရှား တောင်းဆိုမှုကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် ရပ်စဲရေး တောင်းဆိုမှုမှာ ကရင်လူထု အားတက်သရော ပါဝင်ပြီး ဆန္ဒပြု တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။

“လက်နက်ကိုင် မဟုတ်တဲ့၊ လက်နက်မဲ့ ပြည်သူလူထုက ထိပ်တိုက်ပေါ့၊ ခုခံကာကွယ်စစ် ဆင်နွှဲနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရယ်၊ နောက် ဒီစစ်က ရှည်ကြာလာတဲ့အပေါ်မှာ သူတို့က နဂို အစကတည်းကိုကလည်း ဒီစစ်ကို မလိုလားခဲ့ပါဘူး။ အခါအားလျော်စွာ သူတို့ရဲ့ တင်ပြချက်တွေတော့ ရှိတယ်။ သူတို့ရဲ့ အခန်းကဏ္ဍတွေ ပိုပြီးတော့ ထင်ရှား ပေါ်လွင်လာတဲ့အပေါ် သူတို့လည်း ပါဝင်ပြီးတော့ ဒီကိစ္စဟာ သူတို့ကိုယ်တိုင် ခံစားနေရတဲ့ သူတွေက ဆန္ဒဖြစ်ပါတယ် ဆိုတာကို နိုင်ငံတကာမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မက်ဆေ့ချ် ပို့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီးတော့ အရေးပါပြီးတော့ သူတို့ရဲ့ ပါဝင်နိုင်ရေး ဆန္ဒမြင့်လာတဲ့ သဘောပါ။”

စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲအတွက် ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမဲ့လည်း အဲဒီ ရွေးကောက်ပွဲ ကျင်းပပြီး နောက်နေ့မှာပဲ အပစ်ရပ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂၀,၀၀၀ ကျော် နေရပ်ကနေ စွန့်ခွာ ထွက်ပြေးကြရတယ်လို့လည်း KNU ကြေညာချက်မှာ ထောက်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အင်အားကို တိုးချဲ့နေတာဖြစ်တယ်၊ စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်စေဖို့အတွက် ပြည်တွင်းစစ်တွေကို ရပ်စဲဖို့ ပြည်သူတရပ်လုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဗိုလ်မှူး စောလှငွေက ပြောပါတယ်။

“ပြည်တွင်းစစ်ကို အကြောင်းပြုပြီးတော့၊ ပြည်ပရန်ကို အကြောင်းပြုပြီးတော့ စစ်တပ်ကြီး ကြီးထွားလာတဲ့ အပေါ်မှာလည်း ကျနော်တို့ ဗမာပြည်သူလူထု စီးပွားရေး ချွတ်ခြုံကျပြီးတော့ စစ်အာဏာရှင် ဆက်လက် အုပ်စိုးဖို့အတွက် အကြောင်းပြချက်တွေနဲ့ လမ်းတွေပွင့်သွားတာ၊ ဒါလည်း နှစ်ပေါင်း ၆၀ ရှိပါပြီ၊ ဒါ နံပါတ်တစ်အချက် ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ မလိုလားတဲ့ဟာ။

“နောက်တခုက တိုင်းရင်းသား နယ်မြေတွေမှာရှိတဲ့ ပြည်သူလူထုက စစ်တပ်ရဲ့ မျိုးဖြုတ်သုတ်သင်ရေးနဲ့ ဖြတ်လေးဖြတ် ဆိုတဲ့အောက်မှာ ဘယ်လိုမှ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မလုပ်နိုင်ဘူး။ ငြိမ်းချမ်းမှုလည်း မရှိဘူး၊ လုံခြုံမှုလည်း မရှိဘူး၊ ကိုယ့်ရွာမှာလည်း ကိုယ် မနေနိုင်ဘူး၊ တတိယ နိုင်ငံတွေအထိ၊ အဲဒီလို ဖြစ်သွားတဲ့အပေါ်မှာ ခံစားချက်တွေကလည်း မြင့်မြင့်မားမား ရှိလာပြီ။”

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ ကရင်လူထုရဲ့ သဘောဆန္ဒကို လိုက်လျော လုပ်ဆောင်ပေးဖို့လည်း KNU က မျှော်လင့်ထားတာပါ။

“ကုလသမဂ္ဂဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့ ဒီမိုကရေစီ မြတ်နိုးတဲ့ နိုင်ငံက လူထုတွေရဲ့ တကယ့် မှန်ကန်တဲ့၊ စစ်မှန်တဲ့ လှုပ်ရှားဆောင်ရွက်တဲ့ ကိစ္စတွေ အပေါ်မှာတော့ အနည်းနဲ့အများ အရေးမထားလို့ မရဘူးပေါ့။ ဒီဟာတွေရဲ့ စုစည်းချက်တွေကလည်း နောင်တချိန်မှာ အင်အားတရပ်အနေနဲ့ ပေါ်လာတဲ့ အခါမှာ ဒါတွေက စွမ်းအားတွေပေါ့လေ။ အဖွဲ့အစည်း အသီးသီး၊ နိုင်ငံအသီးသီး၊ ခေါင်းဆောင်အသီးသီး အတွက်လည်း ဒီကိစ္စတွေက တွန်းအားတွေ ဖြစ်လာပြီးတော့ သူတို့အနေနဲ့ ဆောင်ရွက်ပေးရမယ့် တာဝန်တရပ် ဖြစ်တယ်ဆိုတဲ့ အသိစိတ်ကို ပိုလေးနက်စေမယ့် အတွက်ကြောင့် ဒါကတော့ ထိရောက်မှု ရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

အခုလို ကရင်အမျိုးသား ၈၃,၀၀၀ ကျော်ဆီက ပြည်တွင်းစစ် ရပ်စဲရေး တောင်းဆိုတဲ့ လက်မှတ်တွေကို သထုံခရိုင်၊ တောင်ငူခရိုင်၊ ဘိတ်၊ ထားဝယ်ခရိုင်နဲ့ ကရင်ပြည်နယ် အတွင်းမှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လကနေ စက်တင်ဘာလအတွင်း ကောက်ယူခဲ့တာ ဖြစ်ပြီးတော့ ကုလသမဂ္ဂ၊ EU ဥရောပ ကော်မရှင်၊ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေဆီကို ဒီကနေ့ တောင်းဆိုချက်ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG