သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည် ၅သိန်းဝန်းကျင် ရှိလာ


ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်များ
ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်များ

ကရင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေတိုးလာတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးရှိလာပြီလို့ KNU ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။ ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေအခြေအနေတွေနဲ့ပတ်သက်လို့ ထိုင်းနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာပါ။ ကရင်အမျိုးသားအစည်းအရုံးမှာ တပ်မဟာ(၇)ခုရှိတဲ့အနက် တပ်မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)တို့မှာ တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ဖြစ်နေတာပါ။ ဒီအတွက် ကရင်စစ်ဘေးရှောင်အရေအတွက်ဟာ ၅သိန်းလောက်ထိ ရှိလာတယ်လို့ကရင်အမျိုးသားအစည်းအရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးကအခုလိုပြောပါတယ်။

"ကျနော်တို့ဘက်က စာရင်းအရဆိုရင် လေးသိန်းကျော် ၅သိန်းလောက်နီးလာပြီ တချို့သောအဖွဲ့အစည်း တွေက တော့ ၅သိန်းကျော်တယ်လို့ပြောတာလည်းရှိတယ်"

အခုဆိုရင် စစ်ကောင်စီဖက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို အားပေးထောက်ခံနေတဲ့ လူထုကို ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့လည်းပြောပါတယ်။

"လက်ရှိအချိန်မှာလက်နက်ကိုင်တော်လှန်ရေးကိုတိုက်တာတော့သူတို့ကခက်ခဲတယ်။ ဒီတော့ လက်နက်ကိုင်တော်လှန်ရေးကိုကူညီနေတဲ့ထာက်ခံနေတဲ့လူထုကိုပစ်မှတ်ထားတာလို့ကျနော်တို့အဲဒီလို နားလည်တယ်"

နေ့ရော ညပါ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးနေရပြီး သူတို့ရပ်ရွာတွေက နေအိမ်မှာ နေထိုင်မရဲ ဖြစ်နေကြတယ် လို့လည်း ပြောပါတယ်။

" တော်တော်များများက မပြန်ရဲကြဘူ။း တချို့လူတွေကတော့ ခနလာကြည့်ပြီးတောထဲမှာပဲ ပြန်ပုန်းနေရတာတွေလည်းရှိတယ်။ တချို့ကတော့လွတ်ရာကျွတ်ရာကို ထွက်သွားကြတယ်"

ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်များ
ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်များ

ကရင်လူ့အခွင့်အရေးအဖွဲ့KHRG ရဲ့ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကတော့အခုလိုပြောပါတယ်။

"ခန့်မှန်းခြေအရပေါ့နော်၊ အခုက ၆ သိန်းဝန်းကျင်လောက်ရှိတယ်လို့ခန့်မှန်းရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက လည်းဆက်ရှိနေတော့ IDPs ‌တွေကလည်း‌ ဆက်ရှိနေတာပေါ့။ အခု က ၂၀၂၃ အစပိုင်းမှာကတည်းက ၅သိန်းကျော်နေပြီလေ။ အခုဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေများတော့ ၆သိန်းလောက်ရှိနေပြီလို့ခန့်မှန်းလို့ရပါတယ်"

အခုဆိုရင် စစ်ကောင်စီဖက်က ဒေသခံကျေးရွာသားတွေကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေ မီးရှို့တာတွေကို ကရင်ပြည်နယ်ထဲမှာ ပြုလုပ်လာတယ်လို့လည်း ကေအန်ယူဘက်က ပြောပါတယ်။ ကရင်ဒေသခံတွေကတော့ တောတောင်တွေထဲပုန်းအောင်နေတာတွေ၊ မြစ်ဘေးတွေမှာနေထိုင်ကြတာတွေ အပြင် အိမ်နီးချင်းနိုင်ငံတွေဆီကိုပါ စစ်ဘေးရှောင်နေရတာတွေလည်းရှိလာနေပါတယ်။

အခုဆိုရင် နယ်မြေအလိုက် စစ်ဘေးရှောင်နေရတဲ့အတွက် အစားအသောက်ရိက္ခာ မလုံလောက်တာတွေ ရှိနေသလို မိုးတွင်းကာလရောက်တော့မှာဖြစ်တဲ့အတွက် အမိုးအကာတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG