သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် သေ့ဘောဘိုးရွာအနီးတိုက်ပွဲဖြစ်


ကရင်ပြည်မြဝတီတောင်ဘက် သေ့ဘောဘိုးစစ်ရှောင်ဒုက္ခသည်များ (12/22/2021 ဓာတ်ပုံ-KIC)
ကရင်ပြည်မြဝတီတောင်ဘက် သေ့ဘောဘိုးစစ်ရှောင်ဒုက္ခသည်များ (12/22/2021 ဓာတ်ပုံ-KIC)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတောင်ဘက်မှာရှိတဲ့ သေ့ဘောဘိုးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ ဒီဇင်ဘာလ၂၂ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ရွာထဲကို လက်နက်ကြီးကျည်ဆံတွေကျလာလို့ ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ကြသူ ၂,၀၀၀ လောက်ဟာ သောင်ရင်းမြစ်အနီးမှာ ခိုလှုံနေထိုင်နေရကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတောင်ဘက်မှာရှိတဲ့ သေ့ဘောဘိုးဒေသဘက်မှာ ဒီဇင်ဘာလ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၂,၀၀၀ လောက် သောင်ရင်းမြစ်အနီးမှာ ခိုလှုံထွက်ပြေးလာကြတယ်လို့ ဒုက္ခသည်တွေကို စားနပ်ရိက္ခာအကူညီပေးနေတဲ့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော် က ပြောပါတယ်။

“သေ့ဘောဘိုးဘက်မှာ ဒီနေ့မနက် ၈နာရီ ၅ မိနစ်ကနေ ၈ နာရီခွဲကျော် နာရီဝက်ကျော်လောက်ထိ တိုက်ပွဲဖြစ်တယ်လို့သိရပါတယ်။ အဲဒီသတင်းကြားပြီး နောက်ဆက်တွဲအဖြစ် ဒေသခံတွေက စစ်ပွဲတွေလွတ်ရာကနေ ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ထောင်နဲ့ချီရှိတယ်လို့သိရပါတယ်ခင်ဗျာ။”

ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင် လေးကေ့ကော်မြိုသစ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒုက္ခသည် ၂,၀၀၀ ကျော်လောက် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ တနေ့ကတော့ ပြည်တွင်းစစ်ရှောင်တွေ ခိုလှုံနေတဲ့ ဖလူးဘက်ကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေ ဝင်လာတဲ့အတွက် ထောင်နဲ့ချီတဲ့စစ်ဘေးရှောင်တွေဟာ ညတွင်းချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတာကြောင့် ထိုင်းဘက်မှာ လူဦးရေ ၅,၀၀၀ ထက်မနည်းရှိလာပါတယ်။ ထိုင်းဘက်ကို မလာနိုင်တဲ့ဒုက္ခသည်တွေကတော့ မြန်မာဘက်အခြမ်း သောင်ရင်းမြစ်သဲသောင်ပြင်မှာပဲနေထိုင်အိပ်စက်နေရပါတယ်။ မနေ့ကတော့ ကော့ကရိပ်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်လို့ ဒေသခံတွေထွက်ပြေးနေရသလို ဒီနေ့မှာတော့ မြဝတီခရိုင် သေ့ဘောဘိုးဘက်မှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် ထိုင်းနယ်စပ်သောင်ရင်းမြစ်နဘေးထိ စစ်ရှောင်ဒုက္ခသည်တွေ ထပ်ပြီး ရောက်လာနေပါတယ်။

ထိုင်းဘက်ခြမ်းမှာတော့ နေထိုင်စရာ အမိုးအကာတွေရှိသလို စားသောက်ရေးအတွက် အလှူရှင်တွေရှိတဲ့အတွက် အခက်အခဲသိပ်မရှိပေမယ့်မြန်မာဘက်ခြမ်း ဒုက္ခသည်တွေအတွက်တော့ နေထိုင်စားသောက်ရေးသာမက ကျန်းမာရေးအတွက်ပါ စိုးရိမ် စရာရှိတယ်လို့လည်း ဦးမိုးကျော်က ဆိုပါတယ်။

“ဟိုဘက်ကမ်းက စစ်ဘေးရှောင်တွေအတွက်ကို အတတ်နိုင်ဆုံး လက်လှမ်းမှီသလောက် အကူညီပေးနေတာတွေလည်းရှိပါတယ်။ ရာသီဥတုကလည်း ဒီဇင်ဘာလဆိုတော့ ညဘက်တွေမှာအေးတယ်။ အမိုးအကာအောက်မှာမဟုတ်ဘဲ မြန်မာဘက် ကမ်းမှာနေနေရတဲ့ စစ်ဘေးရှောင်တွေအတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်တယ်။ သူတို့တကိုယ်ရည်သန့်ရှင်းမှုတွေ၊ ပြောမယ်ဆိုရင် လိုအပ်ချက်တွေကတော့ အများကြီးပဲ။ စားနပ်ရိက္ခာလောက်ပဲ လက်လှမ်းမီသလောက်ပေးနိုင်သေးတော့ သူတို့အတွက် ဆေးဝါးနဲ့နေထိုင်စရာလုံခြုံမှုတွေပေးနိုင်ဖို့တော့ လက်လှမ်းမှီသလောက်တော့ ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ သူတို့က ခြုံပုတ်တွေထဲမှာ နေတယ်။ သူတို့မှာပါလာတဲ့အမိုးအကာလေးတွေနဲ့နေထိုင်နေကြတာကိုကျနော်တို့ တွေ့နေရပါတယ်။”

ဒီကနေ့ သေ့ဘောဘိုးဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အနီးတဝိုက် ကျေးရွာဆယ်ရွာလောက်က ဒေသခံတွဟာ တောတောင်တွေထဲမှာပုန်းရှောင်နေရပြီး အဲဒီထဲက စစ်ဘေးရှောင် ၂,၀၀၀ လောက်ကတော့ ထိုင်းမြန်မာနယ်စပ်သောင်ရင်းမြစ်နားကို ရောက်လာကြပါတယ်။ ဒီဒုက္ခသည်တွေကတော့ ထိုင်းဘက်ကိုရောက်ရှိလာခြင်းမရှိသေးပါဘူးရှင်။

=========

တိုက်ရိုက် လင့်ခ်

[[Unicode]]









#MyanmarViolence #KarenConflict #VOABurmese


========

XS
SM
MD
LG