သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ KNU တက်ရောက်


ရန်ကုန်မြို့က ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) တက်ရောက်ခဲ့စဉ်။ (ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၃)။
ရန်ကုန်မြို့က ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) တက်ရောက်ခဲ့စဉ်။ (ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၃)။
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကနေ ဘယ်တော့မှ ခွဲထွက်မှာ မဟုတ်သလို နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့တာဝန် အရေးသုံးပါး ကိုလည်း ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်မှာ ပြုလုပ်တဲ့ (၇၅) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက်လည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်စုံကို နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ အ.ထ.က.(၁) အလုံ ကျောင်းဝင်းထဲကို ကိုယ်တိုင်သတင်း သွားယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုသူရစိုးရ တင်ပြထားပါတယ်။

နှစ်ပေါင်းများစွာ အတွင်းမှာ ပထမအကြိမ် တက်ရောက်လာတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် တည်ဆောက်သွားမှာ ဖြစ်ပြီး နိုင်ငံရေး ပြဿနာ ကိုလည်း နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံးကိုယ်စား အခုလို ပြောသွားခဲ့ပါတယ်။

“ညီညွတ်ရေး၊ ငြိမ်းချမ်းရေးကို ကျနော်တို့ မျှော်မှန်းပြီးတော့ ဘယ်လိုပဲ အခက်အခဲ၊ ဘယ်လိုပဲ စိန်ခေါ်မှု၊ ဘယ်လိုပဲ စမ်းသပ်မှုတွေ ကြုံတွေ့ရပါစေ၊ ကျနော်တို့ ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်သွားမယ်။ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ နိုင်ငံရေး စားပွဲပေါ်မှာ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိတဲ့ ဖြေရှင်းသွားမယ်ဆိုတာကို KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သဘောထားကိုယ်စား ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”

ဒါ့အပြင် ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။ တိုင်းရင်းသားအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး။ တန်းတူညီမျှရေးအတွက် မိမိတို့ကံကြမ္မာကို မိမိတို့ ပြဌာန်းနိုင်တဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အပြောင်းအလဲ များစွာကို ကရင်တိုင်းရင်းသားများကိုယ်တိုင် အားထုတ် ဖန်တီး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့သဝဏ်လွှာကို ကရင်တိုင်းရင်းသူ တဦးက အခုလို ဖတ်ပြသွားခဲ့ပါတယ်။

“အခုလို ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူး အခါသမယမှာ ကရင်အမျိုးသားများ အပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် စစ်မှန်ပြီး ငြိမ်းချမ်းတဲ့၊ အားလုံး တန်းတူပြီး မိမိတို့အရေး မိမိတို့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ပြဌာန်းနိုင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲ များစွာကို ကရင်အမျိုးသားများ ကိုယ်တိုင် အားထုတ်ပါဝင် ဖန်တီး နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)”

ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတွေ အပါအဝင် တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ဖယောင်းတိုင် မီးထွန်းပြီး ဆုတောင်းခဲ့ကြပါသေးတယ်။

ကရင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမေရိကန် သံအမတ်ကြီးဟာလည်း ကရင်နှစ်သစ်ကူး ကျင်းပတဲ့ ကျေးရွာတချို့ကို သွားရောက်ခဲ့သလို ကရင်ပြည်နယ် ဖားအံ မြို့မှာလည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီ ကရင်ပြည်နယ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။
XS
SM
MD
LG