သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း


စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း
စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း

ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့ဟာ ကရင်ပြက္ခဒိန်အရ ကရင်တိုင်းရင်းသားတွေရဲ့ ၂၇၅၀ ပြည့် နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ဒီလို နှစ်သစ်ကူး အခါသမယမှာ ကရင်လူမျိုးတွေဟာ လက်ရှိ စစ်အစိုးရအောက်မှာ ဖိနှိပ်မှု အမျိုးမျိုးကို ခံစားနေကြရပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် သူတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ လွတ်လွတ်လပ်လပ် မဆင်နွှဲနိုင်ကြဘူးလို့ KNU ကရင်အမျိုးသား အစည်းအရုံးက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ဟာ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ် ဖြစ်တာကြောင့် အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲကြရမှာ ဖြစ်ပေမဲ့ လက်ရှိအခြေအနေမှာ ကရင်လူမျိုး အများစုဟာ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို ခံစားနေကြရတာကြောင့် ဒီ နှစ်သစ်ကူးပွဲတော်ကို မဆင်နွှဲနိုင်ဘဲ ကိုယ့်အသက် လုံခြုံမှု ရရှိဖို့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

“ကျမတို့ ဒီနေ့ ကရင်နှစ်သစ်ကူးနေ့၊ ကရင်တွေအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်တာပေါ့။ ဒါပေမဲ့ တကယ် လူမျိုးတွေအတွက် လွတ်လွတ်လပ်လပ် နှစ်သစ်ကူးနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အခွင့်အရေး မရဘူး။ သူတို့က ဒီနှစ်မှာ ရွာသူရွာသားတွေ နအဖ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်တွေပျက်စီးပြီး တိမ်းရှောင်နေတာ ဖြစ်တယ်။ ဒုက္ခသည်တွေလည်း ဖြစ်လာတယ်။ အခုဆို တော်တော် ကြောက်ကြောက် ရွံ့ရွံ့နဲ့ နေခဲ့ရတဲ့ ဘဝတွေ ရောက်နေတယ်။ အထူးသဖြင့် ဒီနှစ်မှာလည်း လူဦးရေ အများကြီး ဒီလို ခံစားနေရတယ်။ နယ်စပ်တလျှောက်လုံးမှာ ကြည့်မယ်ဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာမှ အခွင့်အရေး မရခဲ့ပါဘူး။ ဒီနှစ်မှာ ပျော်ရွှင်ရမယ့်အစား သူတို့မှာ ဘဝလုံခြုံမှု ရရှိဖို့အတွက် ကြိုးစားနေရတဲ့ အဖြစ်ပဲ ရှိတယ်။”

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲမှာ ကရင်လူမျိုးတွေဟာလည်း လူမျိုးကြီး တမျိုးဖြစ်ပြီး တိုင်းသားလူမျိုး တမျိုးရဲ့ အင်္ဂါရပ်တွေ အားလုံး ရှိနေပါလျက်နဲ့ သူတို့ဟာ ရရှိသင့်တဲ့ အခွင့်အရေး မရဘဲ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံကို ခံစားနေကြရတယ်လို့ နော်စီဖိုးရာစိန်က ဆက်ပြောပါတယ်။

“ကျမတို့ ကရင်ဒေသဟာ မြန်မာနိုင်ငံမှာ လူမျိုးတမျိုး ဖြစ်နေတဲ့ အတွက်ကြောင့် ကျမတို့လည်း ဒီလူမျိုး ရရှိရမယ့် အခွင့်အရေးတွေလည်း ဘာမှမရဘဲနဲ့ လူထုတွေက အမျိုးမျိုး အဖိနှိပ်ခံရတယ်။ ရွာသူရွာသားတွေ ရှိနေတဲ့ တောရွာတွေမှာပဲ ဖြစ်ဖြစ်၊ ဒီမှာရှိနေတဲ့ ရွာသူရွာသားတွေရော အမြဲပဲ စစ်တပ်က မီးရှို့လိုက်၊ ရွာသူရွာသားတွေကို သတ်ဖြတ်လိုက်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်လိုက်၊ ဒါတွေကို ကျမတို့ ကရင်အမျိုးသားတွေက ခံစားနေရတာ ကြာလှပါပြီ။”

နှစ်သစ်ကူးကို ကြိုဆိုရင်း ဆုံးရှုံးနေတဲ့ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြဖို့ နော်စီဖိုးရာစိန်က တိုက်တွန်းပါတယ်။

“ဒီနှစ် ကျမတို့ ကရင်အမျိုးသားတွေ နှစ်သစ်ကူး ရောက်ရှိတဲ့ အတွက်ကြောင့် အားလုံးကို ဝမ်းသာပြီး ကြိုဆိုလိုက်တယ်။ ကရင်အမျိုးသားတွေ အားလုံးအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်နေတဲ့ အတွက် ကြောင့် ကျမတို့ ရှေ့ဆက်ပြီး နှစ်သစ်မှာ အမျိုးသား ညီညွတ်ရေးအတွက် ပိုမိုပြီး ထိရောက်စွာ သွားနိုင်ဖို့အတွက် ကျမတို့ ပြောချင်တယ်။”

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အတွင်းရေးမှူး နော်စီဖိုးရာစိန် ပြောပြခဲ့တာပါ။

KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ နှစ်သစ်ကူး သဝဏ်လွှာထဲမှာတော့ ကရင်လူမျိုးတွေ ဖိနှိပ်ခံနေရတဲ့ ဘဝက လွတ်မြောက်ဖို့အတွက် KNU အနေနဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ပေမဲ့ အချင်းချင်း သွေးစည်းညီညွတ်မှု မရှိတဲ့အတွက် ရည်မှန်းချက် ပန်းတိုင်ကို မရောက်နိုင်ဘဲ ဖြစ်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကရင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် ကရင်တိုင်းရင်းသား တဦးချင်းစီမှာ တာဝန်ရှိတာကြောင့် အားလုံး စည်းလုံးညီညွတ်စွာနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့လည်း KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

KNU အနေနဲ့ ဒီနှစ်သစ်ကူး ပွဲတော်တွေကို လုံခြုံမှုရှိတဲ့ နေရာအသီးသီးမှာ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ ကရင်တိုင်းရင်းသားတွေလည်း နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်ကူးပွဲကို အတားအဆီး အနှောင့်အယှက်မရှိ ဆင်နွှဲနိုင်ခဲ့ကြတယ် ဆိုပေမဲ့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ ပုံနဲ့ တခြား ကရင်ခေါင်းဆောင်တချို့ရဲ့ ပုံတွေကို အာဏာပိုင်တွေဘက်က အသုံးပြုခွင့် မပေးခဲ့ဘူးလို့ ရန်ကုန်မြို့က ကရင်အသိုင်းအဝိုင်းက ပြောပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့ အနီးနားက တောင်ကလေးဒေသမှာတော့ နှစ်သစ်ကူးပွဲကို အားလုံး အေးအေး ချမ်းချမ်း ဆင်နွှဲနိုင်ခဲ့ပေမဲ့ အခါတိုင်းနှစ်တွေလို မဟုတ်ဘဲ အာဏာပိုင်တွေဘက်က ဒီနှစ်မှာ သဝဏ်လွှာ ပေးပို့တာမျိုး မလုပ်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပြပါတယ်။

XS
SM
MD
LG