သုံးရလွယ်ကူစေသည့် Link များ

မနေ့ ပြာသိုလဆန်း (၁)ရက်နေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အခမ်းအနား တွေကို အမေရိကန်ပြည်ထောင်စု၊ ဥရောပအပါအ၀င် နိုင်ငံတကာရောက် ကရင်ပြည်သူတွေဆင်နွှဲကျင်းပခဲ့ကြပါတယ်။ အဝေးရောက်ကရင်လူမျိုးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရသစ်လက်ထက်မှာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ထွန်းလာမယ်လို့ယုံကြည်မျှော်လင့်နေကြောင်း ကရင်အသိုင်းအ၀ိုင်းခေါင်းဆောင်တဦးကဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုပြောပြမှာပါ။

ကရင်ပြက္ခဒိန်အရ ဒီနှစ်ဟာ ၂၇၅၅ ခုနှစ် ကို ကူးပြောင်းတဲ့နှစ် ဖြစ်ပါတယ်။ ဒီ နှစ်သစ်ကူးနေ့ အခါသမယ မှာ အဝေးရောက် ကရင်တိုင်းရင်းသားတွေအနေနဲ့ အစိုးရသစ် လက်ထက် စစ်မှန်တဲ့ငြိမ်းချမ်းရေးရလာမယ်လို့ မျှော်လင့်နေကြကြောင်း၊ လက်ရှိတိုက်ပွဲတွေကြားက ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကိုလည်း အယုံအကြည်မရှိကြောင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့၊ ကရင်လူမှုအသိုင်းအ၀ိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းကျော်ရွှေက ဗွီအိုအေကိုပြောပါတယ်။

“တဖက်က တိုင်းရင်းသားတွေနဲ့ တိုက်တုန်းခိုက်တုန်းပဲရှိသေးတယ်ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆိုတဲ့ ညီလာခံတရပ်ကို ကျနော်တို့ ကျင်းပလိုက်မယ်ဆိုရင် အဲဒီတော့ အဲဒီ ငြိမ်းချမ်းရေးညီလာခံကြီးက ဘာတွေအဖြေရလဒ်ထွက်လာမလဲဆိုတဲ့အခါကျတော့ ဟိုအရင်က ပြောနေကြစကားပေါ့ ရေမှုတ်တဖက်၊ မီးစ တဖက် ငြိမ်းချမ်းရေးများဖြစ်နေမလားလို့ ကျနော်အဲဒီလိုယူဆမိတဲ့အတွက်ကြောင့်မို့လို့ ၊ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျနော်တို့ကတော့ အယုံအကြည်မရှိဘူးလို့ပြောချင်တယ် ပေါ့ဗျာ။ မျှော်လင့်တာက နောက်ထပ်တက်လာမယ့်အစိုးရကို ကျနော်တို့ အယုံအကြည်ရှိတယ်ပေါ့ဗျာ။ အဲတော့ ကရင်တွေအားလုံး ၊ ဒီမှာရှိနေတဲ့ ပြည်ထောင်စုတိုင်းရင်းသား တွေအားလုံး အဝေးရောက်တဲ့ ကျနော်တို့ တိုင်းရင်းသားညီအကိုတွေအားလုံးရဲ့မျှော်လင့်ချက်ကလည်း နောက်တက်လာမယ့် သမ္မတ ကိုပဲ ကျနော်တို့ မျှော်လင့်တယ်။”

ကရင်မျိုးဆက်သစ်လူငယ်တွေကို ရိုးရာအမွေအနှစ်ထိမ်းသိမ်းနိုင်ဖို့လက်ဆင့်ကမ်းတဲ့အနေနဲ့ ကရင်နှစ်သစ်ကူးပွဲတော်တွေကို အမေရိကန်ပြည်ထောင်စုပြည်နယ်အနှံ့အပြားမှာလည်း ကျင်းပခဲ့တယ်လို့ ကရင်လူမှုအသိုင်းအ၀ိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ စောဂျိုးနိုင် ကပြောပါတယ်။

“တချို့ဒေသမှာက ကျနော်တို့ ဒီလိုနေ့ရက်အတိအကျမှာကျင်းပတဲ့ နေရာတွေတော့ ရှိတာပေါ့။ အသီးသီးရှိကြတယ်။ ကျနော်တို့ဒီမှာက Buffalo ရှိမယ်၊ Minnesota နောက် Nebraska တို့ State တော်တော်များများက ကျင်းပကြပါတယ်။”

sweden karen newyear fastival
sweden karen newyear fastival

ဆွီဒင်နိုင်ငံမှာ မနေ့က ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကိုတော့ ကရင်လူမျိုး (၄၀၀)ကျော် တက်ရောက်ခဲ့ကြပြီး အဓိကအရေးပါတဲ့ ရိုးရာအတီးအမှုတ်ဖြစ်တဲ့ ဖါးစည်တီးတာအပါအင် ၀ါးညှပ်အက၊ ဒုံးယိမ်းအကတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ Karen-Swedish ကွန်မြူနတီအကြံပေးပုဂ္ဂိုလ် နော်ကူးကပြောပါတယ်။

“ကရင်တွေ အထူးသဖြင့် မြန်မာနိုင်ငံမှာနေတဲ့အခါမှာဆိုလို့ရှိရင် သူတို့ နှစ်စဉ် ဘ၀တွေ ဘယ်လိုရုန်းကန်ရသလဲ၊ ဘယ်လို စားဝတ်နေရေးတွေလုပ်သလဲ၊ ဒီမှာရှိတဲ့ ဒီ Sweden နိုင်ငံမှာရှိတဲ့ ဒီကလေးလေးတွေပေါ့နော်။ ကျမတို့ သားသမီးတွေ ဆိုရင် သူတို့ကတော့ မတွေ့ဖူးဘူး။ သူတို့ဒီမှာ ကြီးလာတဲ့အခါမှာ ဒီလိုမျိုး ကရင် ယဉ်ကျေးမှုထုံးတန်းတွေကိုမမေ့အောင်ပေါ့နော် ၊ ကျမတို့ လူကြီးတွေအနေနဲ့ သူတို့ကို ပြတာလည်း ဟုတ်တယ်ပေါ့နော်။”

ဒီအခမ်းအနားတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀)ကျော်ကတည်းက ကရင်လူမျိုးတွေ စတင် အခြေချခဲ့တဲ့ သမိုင်းကြောင်းကိုလည်း လက်ဆင့်ကမ်းပြောပြတဲ့အစီအစဉ်ဟာ အရေးပါကြောင်း ကရင်ကွန်မြူနတီခေါင်းဆောင်တွေကပြောပါတယ်။ ကရင်နှစ်သစ်ကူးအထိမ်းအမှတ် သ၀ဏ်လွှာကို NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့သလို သမ္မတဦးသိန်းစိန်ကိုယ်တိုင်လည်း ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပတဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG