သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နှစ်သစ်ကူး နိုင်ငံတော်အခမ်းအနားကျင်းပ


ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ (Myanmar State Counsellor Office)
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ (Myanmar State Counsellor Office)

ဒီကနေ့ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသား တစ်မျိုးသားလုံး မေတ္တာတရား ပေါင်းစည်းညီညွတ်မှုများနဲ့ ကရင်ပြည်နယ်ကြီး အရှိန်အဟုန်နဲ့ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ကြပါစေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်တောင်းပေး သလို ကရင်တိုင်းရင်းသားတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ပူးပေါင်းပါဝင်လာတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနှစ်သစ်ကူး မိန့်ခွန်းပြောကြားပါတယ်။ ကရင်နှစ်သစ်ကူးနေ့ကို ကရင်ပြည်နယ်အပါအဝင် နေပြည်တော်၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းစတဲ့ နိုင်ငံတဝှမ်း ပြည်နယ်တိုင်းအသီးသီးက ကရင်ပြည်သူတွေက ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်တွေကို စည်စည်ကားကား ခြိမ့်ခြိမ့်သဲကျင်းပကြပါတယ်။ အပြည့်အစုံ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ပြာသိုလဆန်း(၁)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ် ၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ရိုးရာ ကောက်ပဲသီးနှံများ စောင့်ရှောက်သော နတ်ငှက် (ဖိဘီးယော်) ကို ပင့်ဖိတ်ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို အခမ်းအနားကို ဖွင့်လှစ်ခဲ့သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်သူတွေ နှစ်သစ်ကူးမှာ ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံပါစေကြောင်း ကရင်ပြည်သူတွေကို ကရင်နှစ်သစ်ကူး ဆုမွန်တောင်းပေးထားပါတယ်။

“ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကစပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးကို စံနမူနာကောင်းများဖြင့် ဆက်လက်ဖော်ဆောင်ပေးနိုင်ကြပါစေ၊ ကရင်တိုင်းရင်းသား တစ်မျိုးသားလုံး မေတ္တာတရား၊ ပေါင်းစည်းညီညွတ်မှုများနဲ့ ကရင်ပြည်နယ်ကြီး အရှိန်အဟုန်နဲ့ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ကြပါစေ၊ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ အမွေအနှစ်တွေ၊ မြတ်နိုးဂုဏ်ယူဖွယ်ရာ ဝိသေသလက္ခဏာတွေကို ဆက်လက်ပြီး ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေ။ တက်ရောက်လာကြသူအားလုံး ဘဝရဲ့ ကောက်သစ် စားပွဲအားလုံးမှာ ဝဝလင်လင် ကောင်းကောင်းမွန်မွန် စားသုံးနိုင်ကြပါစေကြောင်း၊ ဘေးရန်အပေါင်းကင်းဝေး ကြပါစေ၊ ပြည်ထောင်စုသား အားလုံး၊ ကရင်တိုင်းရင်းသားများရဲ့ ချစ်မြတ်နိုးဖွယ်ရာ အကများလို ပေါ့ပါးရွှင်လန်းတဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။”

ကရင်ပြည်နယ်တွင်းက ကရင်တိုင်းရင်းသားတွေအတွက်သာမက ကမ္ဘာတစ်ဝှမ်းကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ကရင်တိုင်းရင်းသားတွေ အားလုံး အတွက် ကရင့်မျှော်လင့်ချက် မျိုးဆက်သစ်တွေအတွက် အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နေပြီဖြစ်ပြီး ကရင်တိုင်းရင်းသားတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ပူးပေါင်းပါဝင် တဲ့အပေါ်လည်း ကရင်ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

“ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်း ကြရာမှာလည်း Karen Model ကရင်မော်ဒယ် ဆိုပြီးပြောစမှတ်တွင်ရအောင် လက်တွေ့ကျကျ ဦးဆောင် ပြခဲ့တာ တွေလည်း အထင်အရှားပဲဖြစ်ပါတယ်။ အခုဆိုရင် ကရင်ပြည်နယ် ဒေါနတောင်တန်းမြေမှာ အောင်ပွဲခံတဲ့ ဖားစည်သံတွေ လွင့်ပျံနေခဲ့ပါပြီ။ သေနတ်သံတွေ တိတ်ဆိတ်ပြီး ငြိမ်းချမ်းခြင်းရဲ့ မေတ္တာ တေးသံတွေ၊ စာသင်ကျောင်းက စာအံသံတွေနဲ့ ခေါင်းလောင်း သံတွေ လွင့်ပျံလာခဲ့ပါပြီ။ ကရင်တိုင်းရင်းသားတွေနဲ့ ကရင်မြေမှာ ငြိမ်းချမ်းခြင်း ရဲ့အသီးအပွင့်တွေ တဖြည်းဖြည်းချင်း ဝေဆာလာခဲ့ပါပြီ။ ကရင် ပြည်နယ်ဟာ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာလှပခြင်းတွေကို သာမကကြီးမားတဲ့ မျှော်လင့်ချက် အလင်းရောင်တွေကို ထွန်းလင်းတောက်ပနေခဲ့ပါပြီ။ အခုလိုနှစ်သစ်ကူး၊ အခွင့်အခါထူးတဲ့ အချိန်ကာလမျိုးမှာ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှတဲ့ အနာဂတ်တစ်ခုကိုပုံဖော်တည်ဆောက်နေတဲ့ ကရင်ပြည်နယ်အတွက် အထူးပဲဝမ်းမြောက် ဂုဏ်ယူမိကြောင်းပြောကြား လိုပါတယ်။ ဆက်လက်ပြီးလည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်တဲ့ ခရီးလမ်းမှာ ကျွန်မတို့နဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲပြီး လျှောက်လှမ်းပေးကြဖို့လည်းအလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်။”

အရပ်သားအစိုးရလက်ထက် အစစရာရာ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည် အနာဂတ် တိုးတက်ကောင်းမွန်ရေး ကရင်တိုင်းရင်းသားတွေအပါအဝင် အားလုံး က လက်တွဲ ပူးပေါင်းကျော်လွှားကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က

ကရင်နှစ်သစ်ကူးနေ့ မှာ တိုက်တွန်းလိုက်ပါတယ်။

“ ဒီကနေ့ကာလမှာ ကျွန်မတို့ပြည်ထောင်စုကြီးမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံးဟာ ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေး၊ စီးပွားရေးအစရှိတဲ့ စိန်ခေါ်မှုတွေကို လက်ချင်းတွဲပြီး ကျော်လွှားအောင်မြင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့အချိန် ကာလလည်းဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲ၊ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင် ကျော်လွှားရာမှာ ကျွန်မတို့ ပြည်သူတွေ၊ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အင်အား၊ စည်းလုံးမှု တွေနဲ့အစဉ်အမြဲအောင်မြင်ရမယ်လို့ ယုံကြည်ခံယူထားပါတယ်။”

နေပြည်တော်မှာကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားမှာလည်း ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး ဦးဆောင် ကော်မတီဝင်ဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းကလည်းကရင်အမျိုးသားတွေအားလုံး ညီညီ ညွတ်ညွတ်ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိကြဖို့နဲ့ ကရင်အမျိုးသား ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

“ကျွန်တော်တို့ ဒီကနေ့ ကျင်းပနေတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ တရားဝင် အသိအမှတ်ပြုသတ်မှတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများအနေနဲ့ အမြော်အမြင်ကြီးစွာဖြင့် စည်းလုံးညီညွတ် တဲ့မြန်မာနိုင်ငံ တော်ကြီးကို ကျွန်တော်တို့ကရင်အမျိုးသားများစည်းလုံးညီညွတ်မှုနဲ့ ပါဝင်တည်ဆောက် လိုတဲ့ဆန္ဒ၊ ကိုယ်ကျိုးမဖက်တဲ့စိတ်ထား၊ လူမျိုးဘာသာမခွဲခြားဘဲ အဃာတ ကင်းစင်တဲ့စိတ်ဓာတ်တို့နဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လိုတဲ့ဆန္ဒများ ရှိနေကြောင်းကို ဒီအသံလွှင့်မိန့်ခွန်းက အထင်အရှားဖော်ပြနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီနေ့ ကရင်အမျိုးသားနှစ်သစ်ကူူးနေ့ကို ကျင်းပခြင်းနှင့်အတူ ကရင်အမျိုးသားနှစ် သစ်ကူးနေ့ကို တရားဝင်သတ်မှတ်နိုင်အောင်ဆောင်ရွက်ပေးခဲ့ကြတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့အမြော်အမြင်ကြီးမားတဲ့ဆန္ဒကို ဖြည့် ဆည်းပေးကြရမှာဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးကြမှသာ ကျွန်တော်တို့ကျုင်းပနေတဲ့ ကရင်အမျိုးုသားနှစ်သစ်ကူးနေ့ဟာ ပိုမိုဂုဏ်မြောက်တင့်တယ်ဝင့်ကြွားလာမှာပဲဖြစ်ပါတယ်။”

ဒီကနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ကျရောက်တဲ့ ၂၇၅၇-နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်နှစ်ကူးပွဲတော် အခမ်းအနားတွေကို ကရင်ပြည်နယ်နဲ့ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးစတဲ့ မြန်မာနိုင်ငံတဝှမ်းက ကရင်ပြည်သူတွေက ကရင်ရိုးရာ အက ကရင်ဒုံးယိမ်းအက ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲစတဲ့ ကရင်စာပေယဉ်ကျေးမှု ဟောပြောပွဲနဲ့ ကရင်တေးဂီတ သီချင်းဖျော်ဖြေပွဲတွေ နဲ့ အတူ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင့်ရိုးရာ အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပြီး စည်ကားသိုက်မြိုက်စွာကျင်းပနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG