သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံကရင်နီသမဂ္ဂလူငယ်(၅)ဦးကိုတရားရုံးထုတ်စစ်ဆေး


 KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြသူများ (Khun Be Du)
KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြသူများ (Khun Be Du)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြ ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို ဒီနေ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ တရားရုံးမှာစစ်ဆေးခံရတဲ့သမဂ္ဂအဖွဲ့ဝင်လူငယ်(၅)ဦး ဟာ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘူးလို့လဲ မိသားစုဝင်တွေ ကပြောပါတယ်။အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထား တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ဆန္ဒဖေါ်ထုတ်မှုနဲ့အဖမ်းဆီးခံထားရတဲ့ ကရင်နီသမဂ္ဂလူငယ်(၅)ဦးကို ဒီကနေ့ ကယားပြည်နယ်လွိုင်ကော်မြို့တရားရုံး မှာ ရုံးထုတ်စစ်ဆေးမှုနဲ့ပက်သက်လို့ ကယန်းမျိုးဆက်သစ်အဖွဲ့ခေါင်းဆောင်ခွန်အသန်းကအခုလိုပြောပါတယ်။

"တရားလိုပြသက်သေနောက်ထပ်နှစ်ယောက် ထပ်စစ်တယ်။ ပြီးတော့သူတို့ ကျွန်တော်တို့တရားစွဲခံထားရတဲ့ ကျောင်း သားလူငယ်တွေကိုစစ်တယ်။ သူတို့ကတော့ သူတို့ခံယူချက်အတိုင်းဘဲ သူတို့ကိုယ်တိုင်ဘဲလျှောက်လှဲကြတယ် တရား ရုံးမှာ။ ရှေ့နေမငှါးထားဘူးဗျ။ အဲတာနဲ့ဘဲ (၁၂)ရက်နေ့မှာရုံးပြန်ချိန်းထားတယ်လို့ပြောပါတယ်။"

တရားရုံးမှာစစ်ဆေးခံရတဲ့သမဂ္ဂအဖွဲ့ဝင်လူငယ်(၅)ဦးဟာ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘူးလို့ ဖမ်းဆီးခံထားရသူ ဒီဒီးရဲ့ ညီမဖြစ်သူ မရိုစီကျော်ကပြောပါတယ်။

"ဒီနေ့ရုံးချိန်းမှာပေါ့ ကျွန်မတို့ ဒီတရားရုံးမှာဘဲ စကားပြောခွင့်မပေးဘူးပေါ့။ ဒီလိုဘဲအချုပ်ကားနဲ့ခေါ်လာပြိးတော့မှ တခါ တည်း ရုံးတင်စစ်ဆေးတယ်။ ပြီးလို့ရှိရင်တခါတည်းဘဲ အချုပ်ကားပေါ်တက်စေတယ်ပေါ့နော်။ ကျွန်မတို့ကိုစကား ပြောခွင့်တွေမပေးဘူးပေါ့နော်ဒီနေ့။"

သမဂ္ဂအဖွဲ့ဝင်လူငယ်(၅)ဦးကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထပ်မံရုံးချိန်းလိုက်ပါတယ်။

လူငယ်(၅)ဦးဟာ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး အပြစ်ရှိကြောင်းတရားရုံးက ဆုံးဖြတ် ခဲ့ရင် ထောင်ဒဏ်(၃)လနဲ့ငွေဒဏ်(၃)သောင်းအထိကျခံနိုင်တယ်လို့ဥပဒေအရပြဌာန်းထားပါတယ်။

ဒီးဒီး ခွန်းဘိုဘို ခွန်ရဲမင်းကျော် မျိုးလှိုင်ဝင်း ခွန်းဂျွန်ပေါလ်အစရှိတဲ့ သမဂ္ဂအဖွဲ့ဝင်လူငယ်(၅)ဦးဟာ ဒီဇင်ဘာ(၂၀) ရက်နေ့က ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်လက်အောက်ကတပ်မတော်သားတွေက သတ်လိုက်တာ နဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က တက်ကြွ လှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့မှုမှာ ဦးဆောင်သူ တွေအဖြစ် ဒီလ(၅)ရက်နေ့မှာဖမ်းဆီးခံခဲ့ရတာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစံနစ်အသွင်ယူပြောင်းလဲနေဆဲကာလမှာ ဆန္ဒဖေါ်ထုတ်တဲ့သူတွေကို အရေးယူတဲ့အစိုးရ လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ကယန်းမျိုးဆက်သစ်အဖွဲ့ခေါင်းဆောင်ခွန်အသန်းက အခုလိုပြော ပါတယ်။

"ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖေါ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေး လူသားဆိုင်ရာအခွင့်အရေးတွေကို ဖိနှိပ်နေတဲ့ဥပဒေရှိ နေတုန်းဘဲ။ လက်ရှိအာဏာရထားတဲ့ NLDပါတီနဲ့NLDအစိုးရကလဲ ကျွန်တော်တို့ယူဆထားတာကတော့အရင်ဦးသိန်းစိန် အစိုးရနဲ့ ဘာမှ မကွာဘူး။ ဒီဖြစ်စဉ် က လဲ တပ်မတော်ကကျူးလွန်ထားတဲ့ဖြစ်စဉ် သူတို့ကအကာကွယ်ပေးနေ တုန်းဘဲ ဆိုတော့ ဒီမိုကရေစီအစိုးရလို့ကျွန်တော်တို့သတ်မှတ်ရမှာခပ်ခက်ခက်ဖြစ်နေတယ်။ NLDအစိုးရဆိုပေမဲ့ တပ်မတော် ဘက်ကိုဘဲ ဝင်ပြီးမှအလေးထားနေတဲ့အစိုးရတရပ်ဖြစ်နေပြီး ဒီမိုကရေစီအစိုးရအဖြစ်ကျွန်တော်တို့ ဟုတ်ရဲ့ လားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။"

ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူ လယ်သမားသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို ဖမ်းဆီးခဲ့တာနဲ့ ပက်သက်လို့ ကရင်နီအင်အားစု(၂၀)ဖွဲ့တွေကနေ လူငယ်(၅)ဦးအပေါ်အပြစ်ဖို့တဲ့လုပ်ရပ်ကို ချက်ချင်း တောင်းပန် ဖို့ နဲ့ နောင်တွင် ဒကစတပ်မတော်ကဖြစ်စေ၊ လက်နက်ကိုင်တပ်တွေကဖြစ်စေ ပြည်သူတစ်ဦး တစ်ယောက်ကို ဥပဒေ မဲ့ သတ်ဖြတ် အလောင်းဖျောက်မှုတွေ ဆက်လက်မဖြစ်ပွားစေရန် အာမခံချက်တွေပေးဖို့ ဇန်နဝါရီလ (၈)ရက်နေ့ မှာကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

KNPPတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးမှုဖြစ်စဉ်နဲ့ပက်သက်လို့ မြန်မာ့တပ်မတော်ကနေ စီစစ်နေဆဲ ဖြစ်ပြီး ဘယ်လို အရေးယူ ကိုယ်တွယ်မလဲ ဆိုတာကိုတော့ မသိရှိသေးဘူးလို့ KNPPကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဘက်ကပြောပါတယ်။

KNPPအဖွဲ့ဟာ မြန်မာအစိုးရနဲ့NCAလက်မှတ်မထိုးနိုင်သေးတဲ့ UNFCခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီအဖွဲ့ဝင်ဖြစ်သလို ဒေသတွင်းပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းတဲ့တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေ ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အဟန့်အတားဖြစ်စေနိုင် တယ်လို့လဲနယ်စပ်စစ်ရေးအကဲခတ်သူတွေက သုံးသပ် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG