သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နိုင်ငံရေးပါတီ ၅ ခု ပူးပေါင်းမည်


ကရင်ငါးပါတီ တပါတီတစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး- သတင်းဓာတ်ပုံ Credit to KPP.
ကရင်ငါးပါတီ တပါတီတစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး- သတင်းဓာတ်ပုံ Credit to KPP.

၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကရင်နိုင်ငံရေးပါတီ(၅)ပါတီကနေ တပါတီတည်း အဖြစ် ပေါင်းစည်းသွားဖို့ သဘောတူညီချက် ရရှိခဲ့ပြီးပြီလို့ ကရင် ပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။ လက်ရှိမှာ ပေါင်းစည်းရေးကော်မတီ (၃၀) ဦးကို ဖွဲ့စည်းထားပြီး လာမယ့် ဖေဖေါ်ဝါရီလလောက် မှာ ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ ကို ပြန်လည် ဆွေးနွေး သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ VOA ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

မတူကွဲပြားစွာ ရပ်တည်နေတဲ့ ကရင်နိုင်ငံရေးပါတီ(၅)ခုကို ဒီနှစ်တောအတွင်း တပါတီတည်းအဖြစ် ပေါင်းစည်းသွားဖို့ သဘောတူညီချက်ရရှိခဲ့ပြီးလို့ ကရင် အမျိုးသားပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်းက အခုလို ပြောပါ တယ်။

" အားလုံးကတော့ ပေါင်းကြဖို့ သဘောတူကြပြီ။ တူကြပြီ ဆိုတဲ့အခါကျတော့ တပါတီကို ခြောက်ယောက်ပေါ့နော်။ ငါးပါတီဆိုတော့ အယောက်သုံးဆယ်နဲ့ ဖွဲ့စည်းဖို့ လုပ်ထားတယ်။ ကျနော်တို့ အဲ့ဒီ့အဖွဲ့ကနေပြီးတော့ ပါတီပေါင်းစည်းရေး အတွက် မူဝါဒ ရေးဆွဲမယ်။ အကုန်လုံး အဲ့တာကို ဆောင်ရွက်ဖို့အတွက်လေ။"

ပါတီ တစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ(၃၀)ဦးကို ပြီးခဲ့တဲ့ အင်္ဂါနေ့ အစည်းအဝေး ကနေ ဖွဲ့စည်းပြီး နိုင်ငံရေးပါတီ တစ်ခု အဖြစ် ဖဲ့ွစည်းဖို့ သဘောတူ လိုက်တာဖြစ်ပါတယ်။ ပေါင်းစည်းရေးကော်မတီတွေအနေနဲ့ လာမယ့် ဖေဖေါ်ဝါရီလလောက်မှာ ပေါင်းစည်းရေး လုပ်ငန်း စဉ်တွေ ကို ပြန်လည် ဆွေးနွေးသွားမယ်လို့ မန်းကျော်ငြိမ်းကဆက်ပြောပါတယ်။

" ပါတီရဲ့ မူဝါဒတွေကို တယောက်နဲ့ တယောက်တော့ ပြန်ညှိရမှာပေ့ါ။ မူဝါဒပိုင်းဆိုင်ရာ ကတော့ ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ အတွက်တော့ ဘယ်လို ဖက်ဒရယ်မျိုးကို နှစ်သက်သလဲ ဆိုတဲ့ပုံစံနဲ့ စပြီးတော့ ညှိတော့ ညှိကြရမှာပေါ့။ ပါတီရဲ့ မူဝါဒရေးဆွဲမယ်။ စည်းမျဉ်းစည်းကမ်းတွေပေါ့။ အကုန်လုံးညှိရမှာပေါ့နော်။ "

ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းရတာဟာ ကရင်ပြည်သူတွေ ရဲ့ တောင်းဆိုချက် အရ နဲ့ ကရင်အမျိုးသားစည်းလုံး ညီညွတ်ရေးကိုရှေးရှုတယ်လို့လဲ သူကဆိုပါတယ်။

ပြီးခဲ့တဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီကွဲပြားနေမှုကြောင့် ကရင်ပြည်နယ် သံတော်မြို့နယ်မှာ ကရင်ပြည်သူ့ပါတီ ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးသာ အနိုင်ရပြီးကျန်တဲ့(၄)ပါတီကတော့ ကိုယ် စားလှယ်နေရာ အနိုင်ရတာ မရှိခဲ့ပါဘူး။

ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ပါတီကနေ နိုင်ငံရေးပါတီတစ်ခုတည်း ဖြစ်အောင်ပူးပေါင်းဖို့အတွက် မတူညီတဲ့ ပါတီမူဝါဒတွေရှိနေပေမဲ့လဲ တူညီတဲ့အပိုင်းကနေ စတင်ပူးပေါင်း လုပ်ဆောင်သွာမယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

" ကျနော်တို့ တပါတီတည်းဖြစ်အောင် ပူးပေါင်းမယ်။ မူဝါဒမတူတာတွေကို ချန်ထားရမှာပေါ့ဗျာ။ ဒါပဲပေါ့။"

၂၀၁၅ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာမှာ တိုင်းရင်းသားတွေကို ၃ နေရာပေးလိုက်တဲ့လုပ်ဆောင်ချက်အပေါ်ကြိုဆိုပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး အပိုင်းမှာ NLDအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကိုစောင့်ကြည့်သွားရမယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

"ကျနော်တို့ ကြိုဆိုပါတယ်။ တိတိကျကျနဲ့ အဖြေမှန်ထွက်ဖို့ကိုပဲ ကျနော်တို့က မျှော်လင့် တယ်။ ဖြစ်နိုင်ရင်တောင် သမ္မတ နေရာမှာ ကျနော်တို့ တိုင်းရင်းသားတွေကို ပေးမယ်ဆိုရင် ကျနော်တို့က ပိုဝမ်းသာတာပေါ့ဗျာ။ NLD အစိုးရကိုတော့ ကျနော်တို့က မျှော်လင့်ချင်တယ်ပေါ့ဗျာ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်တို့၊ စစ်မှန်တဲ့ ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးတို့ကို သူက အကောင်အထည်ဖော်ပေးမယ်လို့တော့ သူကပြောပါတယ်။ သို့သော် လက်တွေ့ ဘယ်လောက်အထိ ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားရှိမယ်။"

၂၀၁၅ ရွေးကောက်ပွဲတုန်းက ကရင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင် အမျိုးသားပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ပါတီ ကနေ ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်း ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်အရွေးခံခဲ့ပေမဲ့ ထိုက်သင့်တဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ကရင်လူမျိုးတွေကို ကိုယ်စားပြုနိုင်မဲ့ ကရင်နိုင်ငံရေးပါတီ တခုတည်းဖြစ်ဖို့ အတွက် ပါတီချင်းပေါင်းစည်းဖို့ ကြိုးပမ်းနေတာလဲဖြစ်ပါတယ်။

ကရင်နိုင်ငံရေးပါတီ ၅ပါတီ ပူးပေါင်းပြီး ဒီနှစ်အတွင်း ပါတီတစ်ခုတည်းဖြစ်အောင် ဖွဲ့စည်းသွားမယ်လို့ ဇန်နဝါရီလ (၂၇) ရက်စွဲနဲ့ သဘောထား ကြေညာချက်ကိုလဲ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG