သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် ကရင်ဒုက္ခသည်လူငယ်တဦး ရဲတပ်ဖွဲ့ ဖမ်းဆီးစဉ် ပစ်ခတ်မှုကြောင့် သေဆုံး


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Utica မြို့ (ဓါတ်ပုံ - AP)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Utica မြို့ (ဓါတ်ပုံ - AP)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Utica မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ပါတယ်။

အရင်နေ့က လက်နက်ကိုင် ဓားပြမှုဖြစ်ပွားခဲ့တဲ့နေရာမှာ မသင်္ကာသူ ၂ ယောက်နဲ့ ပုံပန်းသဏ္ဍာန်တူညီသူ လူငယ် ၂ ယောက် ရောက်နေကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးဖို့ ကြိုးပမ်းစဉ်မှာ တယောက်က ထွက်ပြေးခဲ့တာကို လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သောကြာနေ့က အခင်းဖြစ်ပွားခဲ့တာကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ မှတ်တမ်းတင် ကင်မရာတွေက ဗွီဒီယိုပုံတွေနဲ့အတူ ရဲတပ်ဖွဲ့က မနေ့ စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။

ထွက်ပြေးချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ ချိန်ရွယ်ခဲ့တာကြောင့် အခင်းဖြစ်ပွားစဉ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအချင်းချင်း သတိပေး အော်ဟစ်ခဲ့တာကိုလည်း ဗွီဒီယိုမှာ တွေ့ရပါတယ်။ လိုက်လံဖမ်းဆီးချိန်မှာ မြေပေါ်လဲကျသွားတဲ့ လူငယ်ကို ရဲတပ်ဖွဲ့ဝင်တယောက်က ထိုးကြိတ်ဖမ်းဆီးနေစဉ် နောက်တယောက်က သေနတ်နဲ့ ပစ်လိုက်တာပါ။

သေနတ်ကျည် ရင်ဘတ်ကို ထိမှန်ခဲ့တာကြောင့် အရေးပေါ်ကုသမှုပေးပြီး ဆေးရုံကို ပို့လိုက်ပေမဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် Nyah Mway ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ သူဟာ အမေရိကန်မှာ အခြေချတဲ့ မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား ဒုက္ခသည်မိသားစုကဖြစ်ပြီး၊ Utica မြို့က Donovan အလယ်တန်းကျောင်းက ၈ တန်း ကျောင်းသားတဦးဖြစ်ကြောင်း ဒေသခံသတင်းတွေမှာ ဖော်ပြခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေကို ချိန်ရွယ်ခဲ့တဲ့ သေနတ်ဟာ အစစ်နီးပါးတူတဲ့ Glock 17 Gen 5 ပြောင်းတိုသေနတ်အတုဖြစ်ကြောင်း နောက်ပိုင်း စုံစမ်း စစ်ဆေးမှုတွေမှာ သိရှိခဲ့တာပါ။ သေနတ်အတုရဲ့ ပုံကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုမှတ်တမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေပါ တက်ရောက်တဲ့ စနေနေ့က သတင်းစာ ရှင်းလင်းပွဲဟာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်အပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ဒေသခံတွေရဲ့ ဒေါသသံတွေကြားမှာ မြို့တော်ဝန်က စောစောစီးစီး ရပ်လိုက်ရပါတယ်။ အခင်းဖြစ်ရာမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကိုတော့ တာဝန်က ယာယီရပ်ဆိုင်းထားပြီး အမှုကို ပြည်နယ်အစိုးရ ရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားပါတယ်။

Forum

XS
SM
MD
LG