သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်က ခုန်ချခဲ့တဲ့ ကရင်ဒုက္ခသည်ကို ရုံးထုတ်မည်


မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Mecklenburg County Sheriff's Office က ထုတ်ထားတဲ့ ကိုထွန်းလုံစိန် ဓာတ်ပုံ။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Mecklenburg County Sheriff's Office က ထုတ်ထားတဲ့ ကိုထွန်းလုံစိန် ဓာတ်ပုံ။

ပြီးခဲ့တဲ့တပတ်က အမေရိကန်လေကြောင်းလိုင်းပေါ်ကနေ လိုက်ပါလာတဲ့ မြန်မာဒုက္ခသည်တဦး လေယာဉ်ပေါ်ကနေ ခုန်ချထွက်ပြေးဖို့ကြိုးစားရင်း လေယာဉ်မယ်ကိုကိုက်ခဲ့တဲ့ကိစ္စနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ အမှုကို လူအများ စိတ်ဝင်တစားဖြစ်ခဲ့ရပါတယ်။ သူဘာကြောင့် အခုလို လုပ်ခဲ့ရသလဲဆိုတာ အခု ထိထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သူဟာ ဗဟိုအစိုးရရဲ့ ပုဒ်မတပ်ခံထားရတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်သူတွေကပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ ရှားဖောင် က ပြောပြပေးပါမယ်။

မေလ ၂၅ ရက် ကြာသပတေးနေ့က အမေရိကန်လေယာဉ် (AA) ပေါ်ကနေ ခုန်ချထွက်ပြေးဖို့ကြိုးစားရင်း လေယာဉ်မယ်ကိုပါ ကိုက်ခဲ့တဲ့ အသက် ၂၂ အရွယ် ကရင်ဒုက္ခသည် အမျိုးသားတဦးဖြစ်တဲ့ ကိုထွန်းလုံစိန် (Tun Lon Sein) ရဲ့ အမှုကို စစ်ဆေးဖို့အတွက် လာမယ့် ကြာသာပတေးနေ့ ဇွန်လ ၁ ရက်နေ့မှာ သူ့ကို ရုံးထုတ်ဖို့ရှိပါတယ်။

သူဟာ အင်္ဂလိပ်စကား သိပ်မပြောတတ်တာကြောင့် ဘာကြောင့် အခုလို လုပ်ရသလဲဆိုတာကိုမသိရသေးသလို၊ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးထုတ်ခဲ့ပေမယ့် စကားပြန်မရှိတာကြောင့် သူ့အမှုအကို ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အခုလောလောဆယ် မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့ရဲ့ ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုထွန်းလုံစိန် ရဲ့ အမှုကိစ္စနဲ့ပတ်သက်လို့ ကူညီဖို့အတွက် နိုင်ငံတကာဒုက္ခသည်ကယ်ဆယ်ရေးကော်မတီကတာဝန်ရှိသူတွေ တနင်္ဂနွေမှာ သူနဲ့သွားတွေ့ဖို့ ကြိုးစားခဲ့ကြောင်းကို အတူလိုက်ပါသွားတဲ့ မြန်မာ ဘာသာပြန် ကိုထူးက အခုလို ပြောပြပါတယ်။

“မနေ့က ကျနော်တို့ ဒီကနေပြီးတော့ Migration နဲ့ ပတ်သက်ပြီးတွဲအလုပ်လုပ်တဲ့ ဘုရားကျောင်းက Pastor ပေါ့နော် အမျိုးသမီးတယောက်နဲ့ ကျနော်သွားတယ်။ သူတို့က IRC ကကိုယ်စားပြုပေါ့နော် ကျနော်တို့ကိုခေါ်တော့ ကျနော်တို့၂ ယောက်သွားတယ်။ သွားတော့ အဲဒီ Meeting မှာ သူက ဖက်ဒရယ်ကနေပြီးတော့ ကိုင်ထားတာဖြစ်တဲ့အတွက် ဘယ်သူမှ တွေ့လို့မရဘူး ဆိုတာကို ကျနော်တို့သိရတယ်။ ဆိုတော့ အဲဒါနဲ့ အဲဒီမှာရှိတဲ့ တာဝန်ကျတဲ့ Captain နဲ့ ကျနော်တို့ စကားပြောကြည့်တော့ အင်္ဂါနေ့ကို လာ try ကြည့်ပါပေါ့နော်။ မနက်ဖြန် ကျနော်တို့ ၉ နာရီချိန်းထားတယ်။ ကျနော်တို့ သွားtry ကြည့်မှာပေါ့နော် တွေ့ခွင့်ရမရဆိုတာကတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် ကျနော်တို့ ချိန်းထားတာရှိတယ်။”

သူဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte Douglas နိုင်ငံတကာလေဆိပ်ကနေ CRJ 200 ဂျက်လေယာဉ် အမျိုးအစားနဲ့ အမေရိကန် လေကြောင်း ခရီးစဉ် အမှတ် 5242 မှာ လိုက်ပါပြီး သူအခြေချနေထိုင်မယ့် New Bern မြို့ကို သွားဖို့တွက် လေယာဉ် ပျံတက်ဖို့ ပြင်နေချိန်မှာပဲ ထိုင်နေရာကထ လေယာဉ် တံခါးမကြီးဆီ သွားပြီး ဖွင့်ဖို့ ကြိုးစားချိန်မှာ လေယာဉ်မယ်က သူ့ကို တားခဲ့တာ ဖြစ်သလို ကျန် ခရီးသည် ၂ ဦးကလည်း သူတို့နေရာ ကနေ ထလာပြီး ကူညီခဲ့ကြပါတယ်။

ဒါပေမယ့် သူ့ကိုတားခဲ့တဲ့လေယာဉ်မယ်ကို ကိုက်ပြီးတော့ လေယာဉ်ပြေးလမ်းပေါ်ကို ခုန်ဆင်း သွားတဲ့အတွက် သူ့ကို လေဆိပ်ဝန်ထမ်း တွေက ဝိုင်းဖမ်းဆီးခဲ့ကြရပါတယ်။

လေယာဉ်ပေါ်ကနေ ဆင်းဖို့ကြိုးစားရင် လေယာဉ်မယ်ကိုပါ ကိုက်ခဲ့တဲ့ ဥပဒေချိုးဖောက်မှုနဲ့ လေကြောင်း အာဏာပိုင်တွေက သူ့ကိုဖမ်းဆီးပြီး ဗဟိုအစိုးရရဲ့ ပုဒ်မတပ်ခံထားရတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာသာပြန် ကိုထူးက အခုလိုပြောပြပါမယ်။

“သူနဲ့ သေချာမတွေ့ရသေးတော့လေ ဒါပေမယ့် သူများပြောတာပဲ ကျနော်ကြားတာပေါ့နော်။ သူထိုင်းကနေလာတဲ့ Refugee ပေါ့နော် သူကလာတယ် သူ့ Final Destination က New Bern ဆိုတဲ့ မြို့မှာဖြစ်တယ်။ ဒါပေမယ့် သူက Charlotte မှာတခေါက်ဆင်းရတယ်။ အဲဒါ ဆင်းတဲ့အချိန်မှာ အဲဒီပြဿနာ ဖြစ်သွားတာပါ။ ကျနော်မနေ့က ကြားသလောက်ကတော့ အဲဒီမှာလေဆိပ်ရှိတဲ့လူတွေပြောတာကတော့ သူ့ကိုဖမ်းတာက ဖက်ဒရယ်က ဖမ်းတာလို့ပြောပါတယ်။ ပြီးတော့ သူ့ Court Date ကတော့ ကြာသပတေးနေ့။”

အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်ဖို့အတွက် ဒုက္ခသည်တွေပြောင်းရွှေ့အခြေချနေထိုင်မှုကိုကူညီပေးတဲ့ ဘာသာရေးအဖွဲ့တခုဖြစ်တဲ့ Episcopal Migration Ministry ကနေ သူ့ကို တာဝန်ယူ ခေါ်ခဲ့တာဖြစ်ပြီး၊ အခု ဒီအဖွဲ့အစည်းကလည်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နိုင်ငံခြားရေးဌာနကိုပါဆက်သွယ်ထားပြီး သူ့အမှုနဲ့ပတ်သက်လက်လို့ ဘာတွေကူညီပေးရမလဲဆိုတာကို ကမ်းလှမ်းထားပါတယ်။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာနေထိုင်ခဲ့တဲ့သူဟာ ဘန်ကောက်မြို့ကနေ Hong Kong ကို တဆင့် အမေရိကန်ပြည်ထောင်စု New Jersey ပြည်နယ်ကိုရောက်လာခဲ့တာဖြစ်ပြီး၊ သူအခြေချနေထိုင်မယ့် ကမ်းခြေမြို့ဖြစ်တဲ့ New Bern မြို့ကို သွားမှာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်ကနေစပြီးတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ လာရောက် အခြေချနေထိုင်ကြတဲ့ ဒုက္ခသည်ဦးရေ ၂ သောင်း ၅ ရာကျော်ရှိပြီး အဲဒီထဲက ၇ ထောင် ၄ ရာကျော်ဟာ မြန်မာဒုက္ခသည်တွေဖြစ်ကြပါတယ်။ New Bern မြို့မှတော့ အခြေချနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်ဦးရေ ၁ ထောင် ၉ ရာရှိပြီး အများစုကတော့ ကရင်ဒုက္ခသည်တွေဖြစ်ကြပါတယ်။

ကန်လေယာဉ်က ခုန်ချခဲ့တဲ့ ကရင်ဒုက္ခသည်ကို ရုံးထုတ်မည်
please wait

No media source currently available

0:00 0:03:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG