သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်တွင် ငြိမ်းချမ်းရေးဥယျာဉ် တည်ဆောက်နိုင်ဖို့ ကြိုးပမ်း


ကရင် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ယက်။ ဓါတ်ပုံ - (KESAN/Facebook)
ကရင် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ယက်။ ဓါတ်ပုံ - (KESAN/Facebook)

မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းမှာ - Salween Peace Park - ဆိုတဲ့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် သတ်မှတ်ထားရှိဖို့ ကရင် သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားသူတွေ၊ ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတွေနဲ့ ဌာနေ တိုင်းရင်းသားတွေ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ပထမဆုံးအကြိမ်အဖြစ် စစ်ဒဏ်သင့်ဒေသမှာ ဘေးမဲ့ဥယျာဉ် တည်ဆောက်ရမှာ စိန်ခေါ်မှုတွေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကရင်တော်လှန်ရေးနယ်မြေအတွင်း ပထမဦးဆုံး အကြိမ်အဖြစ်နဲ့ - Salween Peace Park - ဆိုတဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် သတ်မှတ်ထားရှိဖို့ ကြိုးစားလုပ်ဆောင်တဲ့အချိန်တည်းမှာပဲ ဒီကိစ္စဖြစ်မြောက်ဖို့ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ ကရင်သဘာ၀ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တာဝန်ရှိသူတွေကပြောပါတယ်။

သဘာ၀ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ၊ ကရင် အမျိုးသားအစည်းအရုံးက တာဝန်ရှိသူတွေနဲ့ ဒေသခံ အယောက် ၃၀၀ လောက်ဟာ ဒီသံလွင်ငြိမ်းချမ်းရေး ဥယျာဉ် သတ်မှတ်ထားရှိဖို့ ဒီသီတင်းပတ် အတွင်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် သတ်မှတ်ထားရှိဖို့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ KESAN ခေါ် ကရင်သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်အဖွဲ့က အကြီးအကဲ စောဖောစိန်ထွားက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီ သဘာ၀ ပတ်ဝန်းကျင်ကို ပြန်ပြီးတော့ ထိန်းသိမ်းရမယ့် အချိန်ရောက်နေပြီ ပေါ့နော်။ နောက်ပြီးတော့ သဘာ၀ အရင်းအမြစ်နဲ့ သဘာ၀ သယံဇာတတွေပေါ့နော်။ အထဲမှာတော့ သားရိုင်း တိရစ္ဆာန်တွေရှိတာပေါ့နော်။ သစ်တောလည်း ပါတာပေါ့နော်။ နောက်တစ်ချက်က ကျွန်တော်တို့ ခုချိန် ကာလမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အချိန်မှာက ပြည်သူလူထုတွေ တကယ် ငြိမ်းချမ်းရေး သူတို့တွေ လိုချင်နေတဲ့ အပေါ် ဘယ်လို ကူညီပံ့ပိုးမလဲပေါ့။ အဲဒါလည်း ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ယဉ်ကျေးမှု တွေကို ပြန်လည် ထိမ်းသိမ်းရမယ်။ ပြီးတော့လည်း ပြည်တွင်းစစ် ဖြစ်လာ တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဓလေ့ ထုံးတမ်းတွေ ထိခိုက်တာပေါ့။ ထိခိုက်ပြီးတော့ တဖြည်းဖြည်း ပျောက်နေတာပေါ့။ အဲဒါကြောင့် ဒီtheme park ဆိုတာ အားလုံး ဒီ မဏ္ဍိုင် သုံးတိုင်ပါတာပေါ့။ အဲဒီ်အတွက် လုပ်ဆောင်နေတာပေါ့နော်။”

တချိန်းတည်းမှာပဲ ဒါကိုလုပ်ဆောင်ရာမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အများကြီးရှိနေတယ် ဆိုတာကိုလည်း စောဖောစိန်ထွားက အခုလို ဆက်ပြောပြ ပါတယ်။

“သူတို့ အခက်အခဲတွေက ဘာတွေ ရှိသလဲ ဆိုတော့ စစ်တပ် စစ်စခန်းတွေက အများကြီး ရှိနေတာပေါ့နော်။ ဒီ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်ထဲမှာ ပေါ့နော်။ သူတို့လိုချင်တာက ဒီ စခန်းတွေကို ရုပ်သိမ်းပေးဖို့။ ပြီးမှ သူတို့ကို သူတို့ရဲ့ နေရာပေါ့။ နဂိုမူရင်း နေတဲ့ ရွာကို ပြန်ပြီးတော့ ဘ၀ တည်ထောင်မှုပေါ့နော်။ စိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်ပြီး ထူထောင်ဖို့ လုပ်သွားမယ်လေ။ ဒါက အခက်အခဲအတွက် အဖြေက ပေးလို့မရဘူး။ အခုကတော့ ဒီ NCA ပေါ့။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့ အခါမှာ အဖြေက ရှင်းရှင်းလင်းလင်း မရရှိသေးဘူး။ အဓိကက ဒီ peace building မှာ ပြည်သူလူထုရဲ့ လိုချင်တဲ့ အရာက security ပေါ့နော်။ သူတို့ရဲ့ လုံခြုံမှု ကိစ္စတွေ။ သူတို့က ဘ၀ လုံခြုံပြီးမှ ဆိုတော့ အသက်မွေး ဝမ်းကျောင်းတွေ ပြန်ပြီးတော့ ကောင်းမွန်လာမှာ။ ဆိုတော့ ကျွန်တော်တို့ စိန်ခေါ်မှု တစ်ရပ်ပေါ့နော်။ ဒါက။ ”

သံလွင် ငြိမ်းချမ်းရေးဥယျာဉ်ကို သတ်မှတ်ထားရှိဖို့ အတွက် ဖာပွန်မြို့နယ်မှာ အဓိက တာဝန်ယူ လှုပ်ရှားတဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒု စစ်ဦးစီးချုပ် ဘောကျော်ဟဲတို့က ကမကထ ပြုလုပ်ခဲ့ပြီး KESAN နဲ့အတူ ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။

သံလွင်ငြိမ်ချမ်းရေး ဥယျာဉ် သတ်မှတ်ထားရာရှိဖို့ အဓိက က ဌာနေ တိုင်းရင်းသားတွေရဲ့ သဘောထား လိုအပ်ချက်အပေါ်မှာ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒါကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် လာမယ့် ဒီဇင်ဘာလ မှာ နောက်တစ်ခေါက် တွေ့ဆုံ ဆွေးနွေးမှုတွေ ထပ်လုပ်သွားမှာ ဖြစ်သလို အားလုံးအဆင်ပြေတယ် ဆိုရင် သက်ဆိုင်ရာ လက်ရှိ မြန်မာ အစိုးရနဲ့လည်း ပြောဆို ဆွေးနွေးသွားဖို့ရှိတယ်လို့ ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက် အဖွဲ့ က အကြီးအကဲ စောဖောစိန်ထားကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG