သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်တိုင်းရင်းသား ဒေသမှာ စစ်တပ် ထိုးစစ်ဆင်


ဒီနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က ဖိအားပေးမှုတွေ ရှိနေသလို အပစ်အခတ် မယူသေးတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ အရပ်သား ကျေးရွာတွေမှာလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ ကရင်ကျေးရွာတချို့ကို မြန်မာစစ်အစိုးရ တပ်ရင်း ၃ ရင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ရွာသူရွာသားပေါင်း ၉၀၀ နီးပါး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။

အိမ်ခြေ ၇၀ လောက်နဲ့ စာသင်ကျောင်း၊ ဘုရားကျောင်းတွေ မီးလောင် ပျက်စီးခဲ့ရပေမဲ့ ရွာသူ ရွာသားတွေကတော့ အချိန်မီ ထွက်ပြေးနိုင်ခဲ့လို့ အသေအပျောက် မရှိဘူးလို့ မြန်မာပြည်တွင်း အိုးအိမ်စွန့် ထွက်ပြေးသူ IDPs တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ထိုင်းအခြေစိုက် Free Burma Rangers အဖွဲ့က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှာ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ ရွာကတော့ အဲဒီဒေသမှာ အချက်အချာကျတဲ့ သဒါးဒဲရွာ ဖြစ်ပါတယ်။ စစ်ကူတပ်ရင်းတရင်းနဲ့ အတူ မြန်မာစစ်အစိုးရတပ် ခလရ ၃၆၁ နဲ့ ၃၇၀ တို့ဟာ သဒါးဒဲရွာထဲ မဝင်ခင် ဇူလိုင်လ ၂၃ ရက်နေ့က မော်တာကျည်ဆန် အလုံး ၄၀ လောက်နဲ့ ၄ နာရီကြာ ပစ်ခတ်ခဲ့ပြီးမှ ရွာထဲဝင်ရောက် မီးရှို့ခဲ့တယ်လို့ Free Burma Rangers အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ တပ်ရင်း ၂ ရင်းက သဒါးဒဲကျေးရွာကို မော်တာတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်ခဲ့တာပါ။ ကံကောင်းထောက်မစွာပဲ ရွာသားတွေကတော့ အချိန်မီ ထွက်ပြေးနိုင်ခဲ့လို့ တယောက်မှ အသေအပျောက် မရှိပါဘူး။ နောက် မြန်မာစစ်တပ်က သဒါးဒဲရွာနဲ့ တကော်တိုဘောရွာတွေကို မီးရှို့ခဲ့ပါတယ်။ လူနေအိမ်ခြေ ၇၀ နီးပါးအပြင် သစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ အဲဒီဒေသက အကြီးဆုံး ဘုရားကျောင်း တကျောင်းနဲ့ စာသင်ကျောင်း တကျောင်းတို့ မီးလောင် ပျက်စီးခဲ့ရပါတယ်။ ဒါ ကြီးမားတဲ့ ဆုံးရှုံးမှုပါ။”

အခုလို စစ်အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သဒါးဒဲရွာနဲ့ အနီးအနားမှာရှိတဲ့ တခေါ့ဒိုဘောရွာက ရွာသား ၆၀၀ လောက် ထွက်ပြေးခဲ့ရတဲ့အပြင် တိုက်ခိုက်ခြင်း မခံရပေမဲ့ အနီးအနား ထီးမူဒဲကျေးရွာက ရွာသူရွာသား ၃၀၀ လောက်လည်း ကြောက်အားလန့်အားနဲ့ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတယ်လို့ Free Burma Rangers က ပြောပါတယ်။ အခုလောလောဆယ်မှာတော့ အိုးအိမ်စွန့် ထွက်ပြေးလာရတဲ့ ရွာသားတွေရဲ့ စားဝတ်နေရေး အခြေအနေကတော့ လုံလုံလောက်လောက် ရှိနေတယ်လို့ Free Burma Rangers အဖွဲ့က ပြောပါတယ်။

“သူတို့အတွက် စောင်တွေ၊ ပလတ်စတစ် အမိုးတွေ၊ ဆေးဝါးတွေ၊ အစားအသောက်တွေကို ကျနော်တို့ ပို့ပေးနေပါတယ်။ လောလောဆယ်မှာတော့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အစားအသောက်လည်း အလုံအလောက် ရှိနေပါတယ်။ ဒါပေမဲ့ နောက် ၂ ပတ်ကနေ ၁ လလောက် ကြာရင်တော့ အခက်အခဲတွေ စတွေ့နိုင်ပါတယ်။”

သဒါးဒဲရွာဟာ စစ်အစိုးရရဲ့ တိုက်ခိုက်မှုကို ၁၉၉၈ ပတ်ဝန်းကျင်တုန်းက တကြိမ်၊ လွန်ခဲ့တဲ့ ၂ နှစ်က တကြိမ်၊ အရင်နှစ်တုန်းက တကြိမ် တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။ အခုနောက်ဆုံး တိုက်ခိုက်မှု နောက်ပိုင်းမှာတော့ အဆောက်အဦး ၁၀ ခုလောက်ပဲ ကျန်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး စောဘောကျော်ဟဲက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အခု တိုက်ခိုက်မှုတွေ အားလုံးတော့ ပြီးသွားပါပြီ။ ရွာသားတွေကတော့ မပြန်ရဲသေးပါဘူး။ ပြန်ရင်လည်း နေစရာ မရှိပါဘူး။ မြန်မာစစ်တပ်တွေကတော့ ပြန်ဆုတ်ခွာသွားပါပြီ။”

ဇူလိုင်လ ၂၃ ရက်နေ့က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မြန်မာစစ်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်နေ့အထိ အဲဒီရွာထဲမှာ ရှိနေခဲ့တာပါ။ အခုနောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး တပ်မဟာမှူး စောဘောကျော်ဟဲက ဆက်ရှင်းပြပါတယ်။

“အိမ်ခြေ ၁၀ ခုလောက်ပဲ ကျန်ပါတယ်။ ကျန်တာတွေအားလုံး မီးလောင်သွားပါပြီ။ စစ်အစိုးရ တပ်တွေကတော့ နောက်ရက်ပိုင်း အတွင်းတော့ လာနိုင်မယ် မထင်ဘူး။ နောက်တလ နှစ်လဆိုရင်တော့ မပြောနိုင်ဘူး။”

အခုလို ဖာပွန်ခရိုင်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ စိုက်ပျိုးရေးအတွက် အချက်အချာကျတဲ့ သဒါးဒဲကျေးရွာ တိုက်ခိုက်ခံရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ Free Burma Rangers အဖွဲ့က ဆိုပါတယ်။

ဒီနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က ဖိအားပေးမှုတွေ ရှိနေသလို အပစ်အခတ် မယူသေးတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ အရပ်သား ကျေးရွာတွေမှာလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ခုရက်ပိုင်းအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုထားတဲ့ ဗိုလ်မှူး နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်ဒေသကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ဖို့ ရှိတာကြောင့် မြဝတီမြို့ တောင်ပိုင်း ကော့ကရိတ်ခရိုင်က အရပ်သား ရွာသူရွာသားပေါင်း ရာနဲ့ချီပြီး ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး တိုက်ခိုက်ခံခဲ့ရတဲ့ သဒါးဒဲကျေးရွာဟာ ဆိုရင်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ လှုပ်ရှားရာနေရာ ဖြစ်ပါတယ်။ အခုလို စစ်အစိုးရရဲ့ အင်အားသုံး နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ European Karen Network ခေါ် ဥရောပတခွင်က ကရင်တိုင်းရင်းသားများ ကွန်ယက်အဖွဲ့နဲ့ အတူ လန်ဒန်အခြေစိုက် ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) တို့က ရှုတ်ချလိုက်ပြီး ကရင်အပါအဝင် တခြား လူနည်းစု တိုင်းရင်းသား အရပ်သားတွေကို အင်အားသုံး တိုက်ခိုက်တာကို ရပ်တန်းက ရပ်ရေးအတွက် နိုင်ငံတကာ အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး ဆော်ဩထားပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်မရောက် ကုလသမဂ္ဂက ကြီးမှူးပြီး အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ထပ်လောင်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG