[[Zawgyi/Unicode]]
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေ့ကော်နဲ့ အနီးကဒေသတဝိုက်မှာ ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်မနက် ၄ နာရီလောက်ကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။ စစ်တပ်ဘက်က မြဝတီခရိုင်အပြင် ကော့ကရိတ်မြို့နယ်ထဲမှာပါ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် သောင်းဂဏန်းနီးပါးရှိနေပါပြီ။ ကရင်ပြည်နယ်ဘက်က တိုက်ပွဲအခြေအနေအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီနေ့မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကေအန်ယူ တပ်တွေဖြစ်တဲ့ တပ်ဟာ (၆) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ တပ်ရင်း ၁၈၊ တပ်ရင်း ၂၇၊ တပ်မဟာ(၆) စစ်ကြောင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ KNDO ဗဟိုတပ်ခွဲ၊ NUG ရဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်၊ ဆင်ဖြူတပ်ရင်း စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။ ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် မှာတော့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့တယ်လို့ KNU ရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပြပါတယ်။
“မနက် ၄ နာရီကနေ လက်နက်ကြီးတွေအသံကြားရတာ မိုးလင်းတဲ့အထိပဲ။ (လက်နက်ကြီးနဲ့ပစ်ခတ်မှုက)ဆယ်ဂဏန်းကနေ ရာဂဏန်းထိလောက် ထိရှိမယ်ထင်ပါတယ်။ တိုက်ပွဲဖြစ် တာကတော့ ကျနော်သိရသလောက်ကတော့ လေးကေ့ကော်တဝိုက်မှာပါပဲ။”
စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်ထဲမှာ ဒီနေ့ ကြီးကြီးမားမား တိုက်ပွဲ မရှိဘူးလို့ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဗွီအိုအေကို ပြောပါတယ်။
“ကရင်ပြည်နယ်မှာတော့ ကျနော်တို့သိရသလောက်တော့ ကြီးကြီးမားမားမရှိပါဘူး။ ချောင်းမြောင်း ပစ်ခတ်တာလောက်ပဲရှိနိုင်ပါတယ်။ တိုက်ပွဲကြီးကြီးမားမားမရှိနိုင်ပါဘူး။အဝေးကနေ ပစ်ခတ်တာမျိုးတွေ၊ လုံခြုံရေးအရ လိုက်လံဆောင်ရွက်တာမျိုးတွေပဲရှိနိုင်ပါတယ်။”
ဒီနေ့မှာပဲ လေးကေ့ကော်ဘက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပါတယ်။
“တနာရီကျော်အချိန်လောက်မှာလေယာဉ်ပျံတယ်။ ရိုးရိုးကင်းထောက်ပျံတာတော့မဟုတ်ဘူးပစ်ခတ်ပျံသန်းတာပါ။”
တိုက်ပွဲတွေနဲ့ပတ်သက်လို့ KNU ကဒီဇင်ဘာ ၂၀ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တာမှာ စစ်တပ်ဘက်က တပ်အင်အား အလွန်အကျွံသုံး တိုက်ခိုက်နေတယ်လို့ ပြောထားပါတယ်။ KNU နယ်မြေထဲမှာ ခေတ္တလာရောက် တိမ်းရှောင်နေသူတွေကို စစ်တပ်က အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာ၊ KNU တပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖိအားပေးပြီး အကြမ်းဖက် တိုက်ခိုက်လာတဲ့အတွက် KNU အနေနဲ့ ခုခံကာကွယ်တဲ့အခြေအနေကနေ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ လေးကေ့ကော်ဘက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လာနိုင်တဲ့အတွက်လည်း ကုလသမဂ္ဂက လေကြောင်း ပျံသန်းမှုကင်းမဲ့ဇုံ အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုတောင်းဆိုထားချိန်မှာပဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကို မြဝတီခရိုင်ထဲမှာတင်မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ထဲမှာလည်း လုပ်လာတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။
“၂၃ ရက်ည ပထမဆုံးစပစ်တယ်။ အဲဒါနဲ့ နောက်တရက်ကျတော့ ၂ ခါလောက်ဖြစ်တယ်။ မနေ့ တနေ့ကလည်း ၂ ခါလောက်ဖြစ်တယ်။ လေးငါးကြိမ်အနည်းဆုံးဖြစ်တယ်။ ကေ့ာကရိတ် ဘက်က သပ်သပ်ပေါ့နော် ။ မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ နေ့ခင်းကျတော့ သူတို့ က လေယာဉ်နဲ့ လာပစ်တာပဲ။”
စစ်ကောင်စီဘက်က လက်နက်ကြီးတွေသာမက ဝေဟင်ကနေပါ အင်အားသုံး တိုက်ခိုက်နေတာကြောင့် ကရင်ပြည်သူတွေ သောင်းဂဏန်းလောက် ထွက်ပြေးနေရတယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။
“ခုခံစစ်ကတော့ ကိုယ့်နေရာကိုယ့်ဒေသဆိုတော့ အင်အားသာခြင်း မသာခြင်း၊ အင်အားများခြင်းမများခြင်းနဲ့တော့မဆိုင်ဘူး။ ကိုယ့်ရဲ့ ခုခံမှုကတော့ မတရားမှုတွေကို ကြံကြံခံရပ်တည် သွားမယ်၊ ပျောက်ကျားနည်းဗျူဟာဖြစ်တဲ့အတွက်လည်း ဆုတ်ခွါမှုကတော့ ကိုယ့်လက်ထဲမှာပဲရှိပါတယ်။ သူကမြေပြင်တပ်ဖွဲ့ရှေ့တန်းမှာဖြစ်နေတဲ့တပ်ဖွဲ့တွေက ဒီလိုဖြစ်နေပေမယ့် အထူးသဖြင့် လက်ရုံးတပ်တွေ၊ အမြှောက်တပ်တွေကတော့ လက်နက်ကြီးတပ်တွေကတော့ (ကျည်) ကုန်မှ ကုန်ပဲနော်- အထူးသဖြင့် ကျနော်တို့ ရွာသားတွေအပေါ်မှာ တောက်လျောက် ကျနေတော့ ထိုင်းဘက်ကိုထွက်ပြေးနေရတဲ့သူတွေလည်းရှိသလို တောထဲတွေထဲမှာလည်း ပုန်းအောင်းနေရသူတွေ သောင်းဂဏန်းလောက်ရှိပါတယ်။”
ကရင်ပြည်နယ်အတွင်းမှာ၂ ပတ်နီးပါးကြာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါပြီး ထွက်ပြေးလာသူတွေများလာပြီး ထိုင်းဘက်မှာလူဦးရေ ၈,၀၀၀ ကျော်လောက်ရှိနေပါတယ်။ လက်ရှိမှာ မြန်မာပြည်တွင်းမှာကျန်နေတဲ့ စစ်ဘေးရှောင်တွေကတော့ ကျန်းမာရေးထိခိုက်တာတွေ၊ ဝမ်းပျက် ဝမ်းလျောရောဂါတွေဖြစ်နေကြပြီး သောက်သုံးရေ အဓိက လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတွေကပြောပြကြပါတယ်ရှင်။
==================
[[Unicode]]
=================