သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောင်ရင်းမြစ်ရေကြီးတဲ့ပြဿနာ မိုးဆက်ရွာရင်ပိုဆိုးနိုင်


ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးကြီးရေလျှံပြီး ကားလမ်းတွေရေနစ်ကုန်တာကြောင့် ကုန်ကားတစင်း လမ်းချော်တိမ်းမှောက်သွားပုံ။ (Photo CJ)
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးကြီးရေလျှံပြီး ကားလမ်းတွေရေနစ်ကုန်တာကြောင့် ကုန်ကားတစင်း လမ်းချော်တိမ်းမှောက်သွားပုံ။ (Photo CJ)

ထိုင်းမြန်မာနယ်စပ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် သောင်ရင်းမြစ်ရေတက်လာပြီး ကရင်ပြည်နယ်ကနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ရေကြီးရေလျှံတဲ့ ဒဏ်ခံနေရတဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်ထားရပါတယ်။ မွန်ပြည်နယ်ထဲက ဘီးလင်း- သထုံလမ်းမကြီးပေါ်မှာလည်း ကားလမ်းတွေ ရေမြုပ်ကုန်တဲ့အတွက် ကားတွေတိမ်းမှောက်တဲ့ အန္တရာယ်နဲ့ ကြုံနေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ မိုးများပြီး သောင်ရင်းမြစ်ရေကြီးတာကြောင့် မြစ်နဲ့နီးတဲ့ မြဝတီမြို့က လူနေရပ်ကွက်တွေထိ ရေလွှမ်းမိုးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေပါ ဖွင့်လှစ်ထားရကြောင်း နယ်စပ်နေ ပြည်သူတဦးကပြောပြပါတယ်။

"မြဝတီမြို့မှာလွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေကြီးသလိုမျိုး ရေက တက်လာတယ်။ အရင်တုန်းကရေဘေးစခန်းဖွင့်သလို အခုလည်း ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားရတယ်။ အခု ဖွင့်တာက လူဦးရေအတော်များတယ်။ လူဦးရေ ၇၀၀ ကျော် ၈၀၀ နီးပါးရှိတယ်။ ကယ်ဆယ်ရေးစခန်းက အားလုံး ၅ ခုဖွင့်ထားတယ်။ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)။ ရေနဲ့နီးတဲ့ ရေကြီးတဲ့နေရာတွေမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားပါတယ်။"

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသလို မိုးဆက်လက်ရွာသွန်းမယ်ဆိုရင် မြစ်ရေဆက်တက်လာနိုင်ပါတယ်။ အခုဆိုရင် သောင်ရင်းမြစ်နား ရပ်ကွက်တွေက လူထုဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့နီးစပ်ရာ၊ ဆွေးမျိုးတွေနေရာမှာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ နောက်ထပ် ရေထပ်တက်လာမှာကိုလည်း ဒေသခံတွေကစိုးရိမ်ပူပန်နေကြပါတယ်။

မြဝတီကနေတဆင့်သွားရတဲ့ ဘီးလင်း၊ သထုံ ကားလမ်းမနေရာမှာလည်း မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကားလမ်းမတွေကို ရေဖုံးလွှမ်းကုန်ခဲ့ပြီး ကုန်ကားတွေ၊ လူစီးကားတွေ တိမ်းမှောက်ခဲ့တယ်လို့လည်းပြောပါတယ်။

"ဘီးလင်းမှာလည်း မော်လမြိုင်-ရန်ကုန်သွားတဲ့တလျှောက် ဘီးလင်း၊ သထုံကြားမှာ ရေတွေကအရမ်များနေတော့ လမ်းတွေပျောက်ပြီး ကားသမားတွေက ကားလမ်းတွေကိုကွင်းပြီးမောင်းရင်းနဲ့ ကားတွေလည်းတိမ်းမှောက်တယ်။ ဒီနေ့ဆိုရင် ကားလေးတစီးတိမ်းမှောက်တယ်။ ကားကြီးတစီး တိမ်းမှောက်ပါတယ်။"

မြဝတီခရိုင်အတွင်းမှာတော့ စစ်ရေးအရမတည်ငြိမ်တာကြောင့် ဒေသခံတွေထွက်ပြေးနေရသလို အခုအခါမှာလည်းဒေသခံတွေဟာရေဘေးသင့်မူတွေဆက်ပြီးကြုံတွေ့နေရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG