သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ဆေးရုံတွေတိုက်ခိုက်ခံရမှု ကျန်းမာရေးစောင့်ရှောက်မှုစနစ် ထိခိုက်လာ


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီမှာ စစ်ကောင်စီဘက်က ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကရင်နီဒေသမှာ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီဘက်က မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ခြိမ်းခြောက်မှုရှိနေပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ လုံခြုံရေးအရ နာမည်မဖော်ပြလိုသူ ဆရာဝန်တဦးက ပြောပါတယ်။

“ကျနော်တို့မှာ နောက်တနေရာ ရွှေ့ဖို့အတွက်ကို အများကြီး အချိန်ယူရတယ်။ အဲ့တော့ ဒီဆေးရုံကြီးပျက်စီးသွားလို့ ဒီနေရာမှာရှိတဲ့လူထုကို Service(ဝန်ဆောင်မှု) မပေးနိုင်လို့လည်း မရပြန်ဘူး။ အဲ့တော့ တဘက်မှာ Service(ဝန်ဆောင်မှု) တွေပေးနိုင်ဖို့ ဆက်လက်ကြိုးစားရင်း တဘက်မှာလည်း ဆေးရုံအသစ်တွေဆောက်ရတဲ့အခါမှာ ပိုက်ဆံရော၊ လူအင်အားရော Transportion (သယ်ယူပို့ဆောင်ခြင်း) အားလုံးက အခက်အခဲတွေအများကြီး ဖြစ်ပေါ်သွားတာပေါ့နော်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေက အရမ်းဆိုးတယ်။ ပြည်သူဘက်ကကြည့်ရင်လည်ပဲ ပြည်သူက Service (ဝန်ဆောင်မှု) မရတဲ့အခါ ရောဂါကြီးကြီးမားမားတွေက ဖြစ်လာတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ပထမ ချောင်းဆိုး၊ နှာစေးလောက်နဲ့ပဲ ပြလိုက်တာပေါ့။ ဒါပေမယ့် အော်…ဆေးရုံမရှိဘူးဆို သွားမပြတော့ သူတို့မှာ ရောဂါကြီးက ပိုဆိုးလာတဲ့အခါမှာ ကုရတာလည်း ခက်ခဲလာတယ်။ ကျနော်တို့မှာ ဆေးဝါး၊ ပိုက်ဆံလုံလောက်မှုတွေက မရှိတော့ ပိုဆိုးလာတာပေါ့နော်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသထဲမှာ CDM ဆရာဝန်အပါအဝင် တော်လှန်ရေး အင်အားတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ထူထောင်ထားတဲ့ ဆေးရုံဆေးခန်းပေါင်း ၁၃ ခုထက် မနည်း ရှိနေတယ်လို့ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။ ဆေးရုံတခုမှာ တလကို လူနာ ၃၀ နဲ့ ၁၀၀ ကြား ကုသမှုပေးနေပြီး စစ်ဘေးဒုက္ခသည်နဲ့ ရွာသူရွာသားတွေက ဒီဆေးရုံဆေးခန်းတွေပဲ အားထားနေရတာပါ။

လေကြောင်းကနေ မကြာခဏတိုက်ခိုက်ခံနေရလို့ ဆေးရုံ၊ ဆေးခန်းတွေ ပျက်စီးထိခိုက်ရသလို ကျန်းမာရေးဝန်ထမ်းနဲ့လူနာတွေ ထိခိုက်သေကြေနေခဲ့ရတယ်လို့ဆိုပါတယ်။ ဒီ ၃ နှစ်ကျော် ကာလအတွင်းမှာ ကျန်းမာရေးဝန်ထမ်းနဲ့လူနာအပါအဝင် အရပ်သားသေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ နီးပါးလောက်ရှိလာတယ်လို့ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီး လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဆရာဝန်တဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်ပွဲနဲ့မဆိုင်တဲ့ စာသင်ကျောင်းနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းလိုနေရာမျိုးမှာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ပို လုပ်လာတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း နေရာပြောင်းရွှေ့ အဆောက်အဦးအသစ် ထပ်မံတည်ဆောက်ရတာ၊ လိုအပ်တဲ့ဆေးဝါးနဲ့ ကုသရေးပစ္စည်းတွေ ထပ်မံဖြည့်ဆည်းရတာကြောင့် ဆေးဝါးမလုံလောက်မှုနဲ့ ငွေကြေးအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ဒါကြောင့် လူထုတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့နေရာမှာ ချည့်နည့်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“၁၀၀ ရာခိုင်နှုန်းပေါ့နော်။ လွတ်လွတ်လပ်လပ်ကုသနိုင်ဖို့ကို ကျနော်တို့ မဆောင်ရွက်ပေးနိုင်ဘူး။ နောက် အခြားတနေရာမှာ ဆေးရုံ၊ ဆေးခန်းတွေ အသစ်ထပ်ရွှေ့ရတယ်။ ပစ္စည်းတွေပျက်သွားတယ်။ ပြန်ဝယ်ထည့်ရတယ်။ အဆောက်အဦးတွေ ပြန်ဆောက်ရတယ်။ ဒီဟာက ကုန်ကျစရိတ် အင်မတန်များတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့ ကျနော်တို့က လူထုတွေရဲ့ အခြေခံတွေ ပေးတဲ့နေရာမှာ ပိုကျပ်တည်းသွားတယ်။ ပိုဝေးလံသွားတယ်။ ကုန်ကျစရိတ်တွေ ပိုထောင်းလာတဲ့အခြေအနေ ရင်ဆိုင်ရတဲ့အတွက်ကြောင့်မို့လို့ လူထုတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုက ပိုချည့်နည့်လာတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်လာတဲ့ ဒီ ၃ နှစ်ကျော်ကာလအတွင်းမှာ ကရင်နီပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ကာကွယ်ရေးတပ်ဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောဆိုထားပါတယ်။

ဒါကြောင့် စစ်ရေးပြင်းထန်တဲ့ ကရင်နီဒေသကို နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က နည်းမျိုးစုံသုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က မြေပြင်မှာ စစ်ရေးရှုံးနိမ့်လာရင် အရပ်သားပြည်သူတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ နေရာတွေကို ပစ်မှတ်တိုက်ခိုက်လေ့ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ခုလို ပြောပါတယ်။

“အချိန်မရွေးပဲ တိုက်ခိုက်တယ်ပေ့ါနော်။ သူတို့ကတော့ ဒီဆေးခန်းတွေ၊ ဆေးပေးခန်းတွေ၊ နောက်ပြီးတော့မှ ဒီဆေးရုံတွေကို အမြဲတမ်း ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတယ်ပေါ့နော်။ အထူးသဖြင့် စစ်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်ပေါ့နော်၊ သူတို့ဘက်က အထိနာတာတွေ များတဲ့အချိန်မှာဆိုရင် ဒါ အနောက်တန်းမှာရှိတဲ့ စခန်းတွေ၊ ဆေးခန်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပါတယ်။”

ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရရှိဖို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဗွီအိုအေက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်းမှာ ဆေးရုံ၊ ဆေးခန်းပေါင်း (၃၄၃) ခုကို စစ်ကောင်စီက ဖျက်စီးခဲ့တယ်လို့ ဧပြီလ ၂၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၂၉၃) ကြိမ် ကျူးလွန်ခဲ့ကြောင်းနဲ့ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၀၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၁၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Insecurity Insight ရဲ့ မှတ်တမ်းကို ကိုးကားပြီး NUG က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း(Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံဖြတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG