သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်လေယာဉ်ဗုံးဒဏ်ကြောင့် ကရင်နီရွာသားတွေ အိုးအိမ်စွန့်ထွက်ပြေး


 (ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)
(ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)

ပြီးခဲ့တဲ့ရက်က စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းက ဟိုဟာကျေးရွာအုပ်စုမှာ ရွာ ၃ရွာထက်မနည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြပြီး ယာယီတဲထိုးနေထိုင်ဖို့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း စစ်ရှောင်ကူညီနေသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ရှောင်နဲ့ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို ၃ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁ဦး ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသလို နေအိမ်ပျက်စီးမှုလည်း ရှိခဲ့တာကြောင့် ရွာသူရွာသားတွေ မနေရဲတော့ဘဲ ဘေးကင်းတဲ့နေရာတွေဆီ ပြောင်းရွှေ့ကြရတာလို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေပို့ချက်ကို ကိုဇော်မိုးကျော်ပြောပြပါမယ်။

စစ်လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဟိုဟာကျေးရွာအုပ်စု လီခူပရားကျေးရွာတဝိုက်မှာ ဒေသခံတွေ မနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီးလို့ စစ်ရှောင်ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကျေးရွာ ၃ရွာထက်မနည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အသက်ဘေးလွတ်အောင် ချက်ချင်းဆိုသလို ဘေးလွတ်ရာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတဲ့အကြောင်း စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

“စိုးရိမ်ကြောက်ကြစိတ်တွေ အရမ်းများသွားကြတဲ့အတွက်ပေါ့နော်၊ အခုဆို သူတို့ ဒီ ၃ရွာက ခုနက ပြောသလိုမျိုးပေါ့ တူညီတဲ့ ရွာ ၃ရွာကို တိုက်ခိုက်တဲ့အတွက် ကျန်တဲ့ ရွာတွေကလည်း ခု Safe ဖြစ်အောင်ဆိုပြီးတော့လေ သူတို့ကလည်း ရှောင်နေတာတော့ ရှိတာပေါ့နော်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစပြီး ၃ရက်ဆက်တိုက် လူနေထိုင်တဲ့ ကျေးရွာပေါ်မှာ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦးသေဆုံး ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသလို စာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။

ခုတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်နဲ့ရွာခံတွေ နေထိုင်တဲ့ကျေးရွာတွေဖြစ်ပြီး ဘာကြောင့် ပစ်ခတ်ထား တိုက်ခိုက်တယ်ဆိုတာ မသိရဘူးလို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

“ဖရူဆိုအနောက်ဖက်ခြမ်းပေါ့နော်၊ ကျနော်တို့ အဲ့ဖရူဆိုထဲမှာတော့ ကျနော်တို့ တိုက်ပွဲဖြစ်တာလည်း မရှိသေးဘူးပေါ့နော်၊ ခုနပြောသလိုမျိုး ကျေးရွာတွေမှာလည်း ခုနပြောသလိုမျိုးပဲ ကြီးကြီးမားမား ဘာမှလည်းမရှိဘူး ပြောလို့ရတာပေါ့နော်၊ ဆေးရုံ ဆေးခန်းတွေလည်း ဘာမှမရှိဘူး အဲ့လိုမရှိတဲ့ အနေအထားကို သူတို့က ခုနကပြောသလိုမျိုးပဲ ဘာကြောင့် Target(ပစ်မှတ်)ထားပြီး တိုက်ခိုက်တာလဲတော့ ကျနော်တို့လည်း မပြောတတ်ဘူးပေါ့နော်။”

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရား ထုတ်ပြန်တာ မရှိသေးပါဘူး။

နောက်ထပ် စစ်ရှောင်ကူညီသူတဦးကတော့ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ယာယီတဲထိုးနေထိုင်ဖို့ အမိုးအကာတွေ အကူအညီတောင်းလာတာရှိတယ်လို့ ခုလို ပြောပါတယ်။

“ ကျနော်ရဲ့လူတွေ ဆက်သွယ်လာတာကတော့ မိုးကာရှာခိုင်းတယ်ပေါ့နော်၊ သူတို့က အဓိက ခုနပြောသလိုမျိုး ဘေးလွတ်ရာ သူတို့က ပြေးကြတော့လေ သူတို့မှာ နေဖို့မိုးကာတွေ တဲတွေဆောက်နေဖို့ လတ်တလောနေဖို့ မိုးကာတွေ အဲ့လိုမျိုးတွေပေါ့နော်၊ အဲ့လိုမျိုးအခြေအနေရှိတော့ သူတို့က ရွာဘေးကိုပဲ လွတ်မယ်ထင်တဲ့နေရာပဲ ရှောင်ကြတယ်၊ မိုးကာတွေ ဘာတွေအဲ့လိုမျိုး တောင်းလာတာရှိတယ်၊ ကျနော်တို့ကတော့ တစုတစီထဲမနေဖို့တော့ ပြောတယ်ပေါ့နော်၊ အများကြီးနေတယ် အဲ့လိုဟာမျိုး မလုပ်ဖို့ သူတို့ကို မှာတာတော့ရှိတယ် ကျန်တဲ့ အပိုင်းတွေတော့ မပြောတတ်သေးဘူးပေါ့နော်။”

လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းတဲ့ ကရင်နီပြည်နယ်တခွင်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အပြင်းအထန် တိုက်ခိုက်ခဲ့နေတာပါ။ တိုက်ပွဲတည်ငြိမ်တဲ့ကာလမှာလည်း စစ်လေယာဉ်တွေ မကြာမကြာ ပျံဝဲနေသလို လက်နက်ကြီးတွေလည်း မကြာခဏ ပစ်ခတ်နေတာပါ။

စစ်ရေးတင်းမာနေတဲ့ ကရင်နီပြည်တခွင်မှာ စစ်ကောင်စီတပ်တွေ စစ်ရေးမြှင့်တင် လှုပ်ရှားနေသလို သူတို့ တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းထောင်ထားတာ ပြီးတော့ သူတို့အခြေစိုက်ရာ တပ်စခန်းကနေ မကြာခဏ လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ လှမ်းပစ်ခတ်နေတာ ပြုလုပ်နေဆဲပဲလို့ ဒေသခံတွေ ပြောဆိုကြပါတယ်။

XS
SM
MD
LG