သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသတိုက်ပွဲ ဒုက္ခသည် သုံးထောင်ကျော် ထိုင်းနယ်စပ်ဖြတ်ကျော်


ထိုင်းနယ်စပ်ဖြတ်ကျော်လာတဲ့ကရင်နီ ဒုက္ခသည်များ
ထိုင်းနယ်စပ်ဖြတ်ကျော်လာတဲ့ကရင်နီ ဒုက္ခသည်များ

ထိုင်းမြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်း ကရင်နီပြည်နယ်၊ မဲ့စက်မြို့အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး မယ်ဟောင်ဆောင် ပြည်နယ်အတွင်းက ယာယီစစ်ဘေးရှောင်စခန်းကို ဇွန်လ ၁၄ရက်နေ့ကလာရောက် ခိုလှုံနေကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ တောင်လှ၊ ဘီပီ ၁၄၊ မယ်တနွယ် နယ်စပ်စခန်းတွေ နဲ့ မယ်စဲ့မြို့မရဲစခန်းတို့ကို ဇွန်လ ၁၃ ရက် အစောပိုင်းက ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ဒီလိုတိုက်ပွဲဖြစ်ပွားပြီး တဲ့နောက် မဲစဲ့မြို့နယ်အတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေဟာထိုင်းနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲကို ထွက်ပြေးလာခဲ့ကြောင်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူ တဦးကပြောပြပါတယ်။

" ကရင်နီဒေသမှာ တိုက်ပွဲတွေကနေ့စဉ်ရက်ဆက်ဖြစ်နေတာ။ ဒီနေ့မနက်မှာတော့ ဒုက္ခသည်လူဦးရေ ၃၅၀၀ လောက်မဲစရီယမ်းဒေသဘက်ကို ပြေးလာတာပေါ့နော်။ ပြေးလာတဲ့အကြောင်းရင်းကတော့ KNDF နဲ့ PDF ပြည်သူ ကာကွယ်ရေးတပ်တွေက စစ်တပ်အခြေစိုက်စခန်းကို ဝင်ရောက်စီနင်းတဲ့အခါမှာ ဒုက္ခသည်တွေက မဲစရီယမ်းမြို့ကို ပြေးလာကြတာပေါ့နော်"

အခုဆိုရင်မယ်စဲ့မြို့ကိုစစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်တာကြောင့်လည်း ထိုင်းဖက်ကိုစစ်ဘေးရှောင်တွေထွက်ပြေးလာကြတာဖြစ်တယ်လို့လည်းပြောပါတယ်။

" ဒုက္ခသည်တွေကတော့ မဲစရီးယမ်းဘက်ကို ပြေးလေ့ပြေးထတော့မရှိဘူး။ အခုတော့ ဒီနေ့မှာတော့ မဲစရီယမ်းဒေသကိုပြေးလာတာ့ပေါ့နော်၊ စစ်ကောင်စီဖက်ကလည်း မယ်စဲ့မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်တာတွေ့ရတယ်။ အဲဒီတော့ဒုက္ခသည်တွေကလည်း မဲစရီယမ်းဘက်ကို ပြေးလာတာပေါ့နော်"

မယ်ဟောင်ဆောင်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ Chettha Mosikarat က ကယားပြည်နယ် (ကရင်နီပြည်) အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် ၃၃၄၂ထိရှိသွားပြီဖြစ်ကြောင်း၊ ဘေးကင်းခိုလှုံတဲ့နေရာမှာထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမႈးကိုကိုးကား ပြီးထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းမှုတွေကြောင့် အသေအပျောက်တွေရှိပြီး လက်နက် တချို့ကို ပူးပေါင်းတပ်ဖွဲ့တွေဖက်က သိမ်းဆည်းရမိတာတွေလည်းရှိပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်လာတာကြောင့် ဒေသတွင်းစစ်ဘေးရှောင်သူ သောင်းဂဏန်းနဲ့ရှိနေပြီး ၃၀၀၀ကျော်ကတော့ ထိုင်းဖက်ကို ထွက်ပြေး ခိုလှုံလာပါတယ်။

အများအားဖြင့် မယ်ဟောင်ဆောင်ပြည်နယ်၊ မဲစရီးယမ်းမြို့နယ်၊ ဆောင်ဟင်ကျေးရွာဘက်ကို ဝင်ရောက်ခိုလှုံလာကြတာဖြစ်တယ်လို့လည်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG