သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ စစ်ဘေးရှောင်တွေကြား ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေဖြစ်


Kayah ကယား ကရင်နီ စစ်ဘေးဒုက္ခသည်
Kayah ကယား ကရင်နီ စစ်ဘေးဒုက္ခသည်

စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီရှိနေတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) မှာ စားနပ်ရိက္ခာ အကျပ်အတည်းအပြင် သောက်သုံးရေ မသန့်ရှင်းတာ၊ ပူပြင်းတဲ့ ရာသီဥတု ဒဏ်တွေကြောင့် ဒုက္ခသည်တွေ အများအပြား အရေပြား ယားယံတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ လတ်တလော ဖြစ်နေကြတယ်လို ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက ပြောပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာလဲ မရှိတာကြောင့် အခက်အခဲတွေ ပိုပြီးကြုံနေကြရတဲ့ ကရင်နီဒေသက စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးပါမယ်။

ဒုက္ခသည် ၁၀၀ မှာ အနည်းဆုံး အယောက် ၃၀ လောက် အရေပြားယားယံတဲ့ ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဒီရက်ပိုင်း ကြုံနေရတာကို တွေ့ရပြီး ကျန်းမာရေး စောင့်ရှောက်မှုကလည်း မရှိသလောက်ပဲလို့ ကိုယ်တိုင် စစ်ဘေးတိမ်းရှောင်ရင်း၊ တခြားဒုက္ခသည်တွေကို တနိုင်တပိုင် ကူညီပေးနေသူတဦးက သူ မြင်တွေ့ရတဲ့ အခြေအနေကို ဗွီအိုအေကို ပြောပြပါတယ်။

“အရေပြားဖြစ်တဲ့နေရာလည်း ဖြစ်တယ်။ နောက် ကရင်နီကလည်း အရမ်းပူတော့ အပူရှပ်တာ။ ပြီးမှ ဖျားနာကြတာတွေလည်း ရှိကြတယ်။ တောတောင်ထဲမှာဆိုရင်တော့ ဒီအရေပြား ဝမ်းလျော်နည်းနည်း ပိုဖြစ်တယ်။ ဒီမြို့ပေါ်မှာကျတော့ အပူရှပ်တာတွေ ပိုဖြစ်ကြတယ်။ အဲ့ဒီလိုမျိုး နှာစေးကြတယ်။ မြို့ပေါ်မှာလည်း ဖြစ်တော့ဖြစ်တယ် ဝမ်းလျှော်တာတွေ။ ဒါပေမယ့် ပိုတော့ နည်းသလိုပဲပေါ့နော် ဒီတောတွေမှာကြတော့ ပိုဖြစ်တယ်။”

တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရသူတွေအတွက် အခြေအနေက ပိုဆိုးတဲ့အကြောင်း ဒုက္ခသည်တွေကို တနိုင်တပိုင် ကူညီပေးနေသူတွေက ပြောပါတယ်။ သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် အရေပြား ယားယံပြီး အဖုအပိန့်တွေ ထွက်လာတာလို့ စစ်ဘေးတ်ိမ်းရှောင်နေရသူ နောက်တဦးကလည်း ပြောပြပါတယ်။

“ရေကတော့ အဝိစိ သူတို့ပြောပေမယ့် မသန့်ဘူးပေါ့နော်။ မသန့်တော့ ချိုးရတာပဲ ချိုးလည်း ယားတယ်။ အဖုဖုတွေထွက်တယ် အရမ်းကြီးတော့ ဆိုးဆိုးရွားရွားကြီးမဖြစ်ဘူး။ ဆရာမတို့ဘက် ဒါပေမယ့် ဘေးနာက ရွာတွေဆိုရင် ကလေးတွေဘာတွေဆို တအားဆိုးတယ်။ သူ အနာတွေဘာတွေ ယားတယ်။ သူတို့က ဟိုအဝေးကနေ လာတော့ ရေမချိုးရတာ ၁၄ ရက်ရှိပြီး ရေကလည်း မသန့်တဲ့ရေပဲ ပြန်ချိုးရတယ်ဆိုတော့ သူတို့က ကျမတို့က ရေတော့ ချိုးရပါတယ်။ ဒါပေမဲ့ ယားတယ်၊ အဖု သေးသေးလေး သေးသေးလေးတွေတော့ ထတာပေါ့။”

ဆေးဝါး အထောက်အကူရဖို့ လက်လှမ်းမီသူတချို့ ရှိပေမဲ့ အများစုကတော့ ကျန်းမာရေး စောင့်ရှောက်မှု မရသလောက် အခြေအနေ ဖြစ်တယ်လို့ ကိုယ်တိုင် စစ်ဘေးတိမ်းရှောင်ရင်း ဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

Act 3 “တော်တော်များများက ကိုယ့်ဟာနဲ့ ကိုယ်ပဲ ဒီစစ်ရှောင်တွေကတော့ ဆေးခန်းရှိတယ် ဆိုရင်တော့ ဆေးခန်းပြေးကြတာပေါ့ မရှိဘူးဆိုရင်တော့ အဲ့ဒါလက်လှမ်းမီးတဲ့ ဆရာမ၊ သိတတ်နားလည်တဲ့ သူ နောက် အဲ့လိုမျိုးနဲ့ မေးမြန်းပြီးမှ ဆေးဆောင်ထားကြတယ် အဲ့လိုပဲ အဖြစ်ဆိုးရင်တော့ ဒါ ဆေးရုံ ဆေးခန်းရှိတဲ့နေရာ ပြေးကြတယ်အဲ့လိုမျိုးပဲ လုပ်ကြတာပေါ့နော်။ ကျန်းမာရေးစောင့်မှုမရှိလို့ပဲ ပြောလို့လည်း ရမှာပါ။”

ဒီလို ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့အတွက် ရောဂါအခံရှိတဲ့ အသက်အရွယ် ကြီးသူတချို့ စစ်ရှောင်ရင်း အသက်ဆုံးပါးရတာတွေလည်း ရှိတယ်လို့ သူက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်တဲ့ ဒေသတခုဖြစ်တဲ့ ကရင်နီပြည်မှာ ဒေသခံ ၂ သိန်းထက်မနည်း အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အများစုက နေရပ်မပြန်နိုင်ကြသေးပါဘူး။

စစ်ပြေးဒုက္ခသည်တွေဟာ နီးစပ်ရာ မြို့၊ ကျေးရွာတွေနဲ့ တောတောင်ထဲမှာ ခိုလှုံနေကြရပါတယ်။ တချို့က ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံကြသလို တချို့က ကိုယ်အစီစဉ်နဲ့ကိုယ် ယာယီမိုးကာတဲ ထိုးပြီး ဖြစ်သလို နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဒီလို စစ်ဘေး ဒုက္ခသည်တွေအတွက် ဆန် ဆီ ဆား အပါအဝင် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ ကျန်းမားရေး စောင့်ရှောင်မှုတွေ အထူး လိုအပ်နေတဲ့အကြောင်း စစ်ဘေးဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက ပြောပြကြပါတယ်။

XS
SM
MD
LG