သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း KSCC ဖေ့ဘုတ်၊ ဂျွန် ၁၁၊ ၂၀၂၃
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း KSCC ဖေ့ဘုတ်၊ ဂျွန် ၁၁၊ ၂၀၂၃
ကယားပြည်နယ် ဒေသအခေါ် ကရင်နီ အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ အပြိုင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ကို ဖွဲ့စည်းလိုက်ကြောင်း တနင်္လာနေ့က တရားဝင် ကြေညာလိုက်ပါတယ်။ IEC ဟာ ကြားကာလအမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ရဲ့ လက်အောက်ကနေ သွားတာမဟုတ်ဘဲ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်မှာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးကို ပိုပြီး စနစ်တကျလုပ်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။
ကရင်နီနယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ဒေသဖြစ်သလို၊ အခုအချိန် အထိ ကရင်နီနယ်မြေအများစုကို မြန်မာစစ်ကောင်စီက ထိန်းချုပ်လို့မရသေးပါဘူး။ လွိုင်ကော်မြို့ပေါ်ကလွဲ နယ်မြေအတော်များများကို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပိုပြီးထိန်းချုပ်ထားနိုင်ပါတယ်။ ဒေသအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေရှိနေတာပါ။ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ ဦးဆောင်ပြီး ကရင်နီကြားကာလအုပ်ချုပ်ရးကောင်စီ (IEC) ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အခု ဇွန်လ ၁၂ ရက်နေ့မှာတော့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
IEC ဟာ ကြားကာလအမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ရဲ့ လက်အောက်ကနေ သွားတာမဟုတ်ဘဲ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေတဲ့အကြောင်း IEC ရဲ့ ဒုဥက္ကဋ္ဌ ခွန်းဘီးထူး သတင်းစာရှင်လင်းပွဲမှာ မီဒီယာတွေကို ဖြေကြားသွားပါတယ်။

“ ပဋိညာဉ်နဲ့ ညီညွတ်အောင် ပဋိညာဉ် နဲ့ ကိုက်ညီအောင် ဒီပေါ်လစီတွေ အားလုံးကိုတော့ KSCC က ထိန်းညှိုပြီးမှပေ့ါနော်၊ ဒီနည်းဥပဒေတွေကို ချမှတ်ထားပေးတာဖြစ်ပါတယ်၊ နောက်ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေကို အဆင်မပြတ်ပေါ့၊ ဒါပေါ်လစီပိုင်းဆိုင်ရာ ထိန်းညှိတာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ ပဋိညာဉ် နဲ့ ကိုက်ညီအောင် နံပါတ်(၁)က KSCC က ဒါထိန်းကျောင်းပြီးတော့ သွားနေတဲ့ဟာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လက်ရှိ ဖွဲ့စည်းမှုတွေ အားလုံးကပေါ့နော် ပဋိညာဉ်နဲ့ တစုံတရာပေါ့။ ချိတ်ဆက်မှုရှိပြီးမှ NUCC ရဲ့ လမ်းကြောင်းနဲ့သော်လည်းကောင်းပေါ့ ဒါ… သွေဖယ်မှုမရှိသလို ကျနော်တို့ အခု လက်ရှိ IEC ဖွဲ့စည်းမှုတွေကလည်းပေါ့နော်၊ ဒါ NUG နဲ့ တစုံတရာ ပေါ့။ ဒီထက်ပိုတွေ့ဆုံပြီးမှပေါ့နော်၊ ဒီ ချိတ်ဆက်မှုတွေပေါ့နော် ရှိလာလိမ့်မယ်ပေါ့နော်၊ ကျနော်တို့ရဲ့ ဒီနေ့ဖွဲ့စည်းမှုကိုလည်း သမ္မတ ကြီးကနေပြီးတော့ အဖွင့်အားပေးမိန့်ခွန်းတွေပေါ့/ ပြောကြားပေးသလို ကျနော်တို့ရဲ့ ဖယ်ဒရယ်ဝန်ကြီးဖက်က၊ ဒါ ချိတ်ဆက်သွားနိုင်မယ့် နည်းလမ်းတွေကိုလည်း NUG ဖက်က ကြိုးစားပြီးမှပေါ့နော်။ ပြင်ဆင်ထားတဲ့ အခြေအနေမျိုးရှိပါတယ်ပေါ့၊ အဲ့တော့ ကျနော်တို့ အခု ပဋိညာဉ်က ခွဲထက်ပြီးတော့ သွားတဲ့ အခြေအနေမျိုးမရှိဘူး ပြောလို့ရသလို ပြီးတော့ နောက်နောင် ပဋိညာဉ် ထက်ကျော်လွန်ခဲ့တဲ့ အခြေအနေမျိုးရှိခဲ့ရင်လည်း IEC ရဲ့ အထက်မှာ KSCC က ပိုပြီးမှ ထိန်းကျောင်းပေးမှာပေါ့နော် ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်ဆိုတဲ့အကြောင်းဖြေကြားလိုပါတယ်ခင်ဗျာ။”
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်း ကြေညာချက်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်း ကြေညာချက်
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကို ကရင်နီပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေနဲ့ ညှိုနှိုင်းတိုင်ပင်ဆောင်ရွက်ပြီးမှ ဖွဲ့စည်းတာလို့ဆိုပါတယ်။
စုပေါင်းခေါင်းဆောင်မှုများနဲ့ ကြားကာလပြည်နယ်အစိုးရတရပ်အနေနဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရာစီရင်ရေးကဏ္ဍတွေကို အပြန်အလှန်ထိန်းညှိပြီးတော့ ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်သွားမယ်လို့ ပြောသွားပါတယ်။လက်ရှိ ကရင်နီပြည်မှာ ရဲတပ်ဖွဲ့ အင်အား ၃၀၀ လောက်နဲ့ ရဲစခန်း ၉ ခုကို ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် တရားဥပဒေစိုးမိုးရေးကိစ္စကို ရဲတပ်ဖွဲ့နဲ့အတူ ဆောက်ရွက်သွားမယ့်အကြောင်း IEC ရဲ့ ဒုဥက္ကဋ္ဌ ခွန်းဘီးထူး က ခုလို ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်ရဲ့အတွင်းမှာပေ့ါနော်။ CDM လုပ်လာပြီးမှ အခုဆိုရင် ပြည်နယ်ရဲပေါ့နော်။ ကျနော်တို့ စနစ်တကျဖွဲ့စည်းပြီးမှ ရဲ့ အင်အား ၃၀၀ နီးပါးနဲ့ ရဲစခန်း ၉ ခုလောက်ကို ဒါ စနစ်တကျ ဖွဲ့စည်းပြီးမှ ဒါရပ်တည်လာခဲ့တဲ့အတွက်ပေါ့။ ရဲနဲ့အတူ တရားဥပဒေစိုးမိုးရေးကိစ္စတွေ ကျနော်တို့ ဆက်လက်ပြီးမှ ဆောက်ရွက်ဖို့ရှိပါတယ်၊ ဒါ့အပြင် ပညာရေးအတွက် ကျောင်းပေါင်း ၃၀၀ ကျော် ဆရာ ဆရာမ ၊ အထူးသဖြင့် ကလေးပေါင်း ၃သောင်းကျော်ရဲ့ ပညာရေးတွေကို ကျနော်တို့ ယခုနှစ် လုပ်ဆောင်ခဲ့တာ ရှိပါတယ်။ အခုနှစ်လည်းဒီပညာရေးတွေကို အားစိုက်နိုင်ဖို့အတွက် ဆရာ ဆရာမတွေကို ပိုပံ့နိုင်ဖို့အတွက် ကျနော်တို့ ပြည်နယ်အစိုးရဖက်ကပေါ့။ ဒါတာဝန်ရှိပြီးမှ ဒီလုပ်ငန်းစဉ်တွေကို စနစ်တကျလုပ်ဆောင်သွားဖို့ ရှိပါတယ်။”
တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းစဉ်တွေကို ပိုမိုတိုးတက်အောင် စနစ်တကျ လုပ်ဆောင်သွားမယ့်အကြောင်းနဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင် စစ်ရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ ပထမဦးဆုံးဖြစ်လာတဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတခုဖြစ်ပါတယ်။ ကျန်တဲ့ ချင်းပြည်နယ် ကရင်ပြည်နယ်တို့မှာလည်း ဒီလိုကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး ကြေညာနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကိုလည်း ပြောဆိုသွားပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG