သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ပွဲဖြစ်


အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယား နယ်ခြားဒေသမှာ တနင်္ဂနွေနေ့က ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ ပစ်ခတ်မှုအတွက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။ ပါကစ္စတန် စစ်တပ်ကတော့ ကက်ရှ်မီးယား ဒေသက စစ်စခန်းတခုကို အိန္ဒိယဘက်က ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် စစ်သားတဦးသေပြီး နောက်တဦးလည်း အပြင်းအထန် ဒဏ်ရာတွေ ရခဲ့ကြောင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်းလည်း ပါကစ္စတန်က ပြောပါတယ်။ အိန္ဒိယ အာဏာပိုင်တွေကတော့ သူတို့တပ်တွေ နယ်စပ်ဖြတ်ကျော်တာမျိုး မရှိဖူးလို့ ငြင်းဆန်ခဲ့ကြသလို၊ ပါကစ္စတန်ဘက်က အိန္ဒိယ ရွာတရွာကို မော်တာနဲ့ စတင်ပစ်ခတ်ရာက အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။ အိန္ဒိယတပ်တွေဘက်က လက်နက်ငယ်တွေ နဲ့သာ ပြန်လည် တုံ့ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ခွဲခြားထားတဲ့ နယ်မြေမှာ အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တာကိုတော့ နှစ်ဘက်စလုံးက အသိအမှတ်ပြု ပြောခဲ့ကြတာပါ။

ကက်ရှ်မီးယား ဒေသဟာဆိုရင် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပဋိပက္ခတွေ ကြုံရလေ့ ရှိတဲ့ နယ်မြေတခုဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်တုန်းက အပစ်အခတ်ရပ်စဲဖို့ သဘောတူ ထားပေမဲ့ မကြာခဏဆိုသလို ရင်ဆိုင် တိုက်ပွဲ အငယ်စားတွေ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။ နှစ်နိုင်ငံစလုံး က ဒေသတခုလုံးကို ပိုင်ဆိုင်ကြောင်း ပြောနေကြတဲ့ ကက်ရှ်မီးယားကို ဟိန္ဒိူဘာသာဝင် အများစုဖြစ်တဲ့ အိန္ဒိယလက်အောက်က လွတ်မြောက်ဖို့၊ ဒါမှမဟုတ် မူစလင်အများစုဖြစ်တဲ့ ပါကစ္စတန်နဲ့ ပေါင်းစည်းဖို့ မူစလင် လက်နက်ကိုင် အုပ်စုတွေကလည်း ၁၉၈၉ ခုနှစ်ကတည်းက ပုန်ကန်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG