သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံမှာ သေဆုံးသူ အမေရိကန်တက္ကသိုလ်ကျောင်းသူအတွက် ဌာနေမှာ ဝမ်းနည်းကြေကွဲ


Kassie Braun (Photo Credit- Kassie Braun's Facebook)
Kassie Braun (Photo Credit- Kassie Braun's Facebook)

အင်္ဂါနေ့က ပုဂံဘုရားပေါ်မှာ နေဝင်ချိန်ကြည့်ရင်း မတော်တဆ ပြုတ်ကျ သေဆုံးခဲ့တဲ့ အမေရိကန် ကောလိပ်ကျောင်းသူ Kassie Braun ရဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေသိရဖို့ သူတို့ စောင့်ဆိုင်းနေကြောင်း မိသားစုရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၂၀ အရွယ် Kassie Braun ဟာ ပင်လယ်ကူးသင်္ဘောပေါ်မှာ ပညာသင်တဲ့အစီအစဉ်နဲ့ လိုက်ပါလာတဲ့ အမေရိကန်ကျောင်းသူ တဦးဖြစ်ပြီး မြန်မာနိုင်ငံကို စနေနေ့က သင်္ဘောနဲ့အတူ ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

Semester at Sea program လို့ခေါ်တဲ့ ပင်လယ်ကူးသင်္ဘော ပေါ်မှာ ပညာသင်ကြားတဲ့အစီအစဉ်မှာ Kassie Braun အပါအဝင် ကျောင်းသူ၊ ကျောင်းသားပေါင်း ၅၅၀ ကျော် လိုက်ပါပြီး ရက်ပေါင်း ၁၀၆ ရက်အတွင်း ကမ္ဘာ့တိုက်ကြီး လေးတိုက်က ဂျာမနီ၊ စပိန်၊ တောင်အာဖရိက၊ အိန္ဒိယ၊ မြန်မာ စတဲ့ ၁၀ နိုင်ငံကို သွားရောက်လေ့လာကြတာဖြစ်ပါတယ်။ WV World Oddsey လို့အမည်ပေးထားတဲ့ ဒီပင်လယ်ကူးသင်္ဘောကြီးဟာ ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာလ (၄)ရက်နေ့က မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။

MD World Oddsey- Semester at Sea Program
MD World Oddsey- Semester at Sea Program

Kassie Braun ဟာ ပုဂံမြို့ဟောင်းကို မိမိကိုယ်ပိုင်အစီအစဉ်နဲ့ သွားရောက်ကြည့်ရှုစဉ် အင်္ဂါနေ့က ဘုရားပေါ်ကနေ မတော်တဆပြုတ်ချခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာအများအပြားရရှိခဲ့ပြီးနောက် မန္တလေးဆေးရုံအသွား လမ်းပေါ်မှာ သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို Kassie Braun ရုတ်တရက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ Semester at Sea program ရဲ့ ပြောခွင့်ရ Lane Hanson ကဗွီအိုအေကို အခုလိုပြောပါတယ်။

“သိပ်ကို ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီးတရပ်ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ Kassie ရဲ့မိဘတွေ၊ မိသားစုတွေနဲ့အတူ ထပ်တူ ထပ်မျှပဲ ကြေကွဲမိပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါခဲ့ကြတဲ့ တခြား ကျောင်းသူကျောင်းသားများအပြင် ဆရာ ဆရာမ အမှုထမ်းတွေကလည်း ဝမ်းနည်းကြေကွဲကြပါတယ်။ ကျမတို့အနေနဲ့ သင်္ဘောပေါ်မှာ ဝတ်ပြုဆုတောင်းပွဲ ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။”

Kassie လိုက်ပါလာတဲ့ ပင်လယ်ကူးသင်္ဘောကြီးဟာ ဒီကနေ့ ကြာသာပတေးနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာပြီဖြစ်ပါတယ်။ သင်္ဘောပေါ်မှာတော့ ဝမ်းနည်းကြေကွဲကြောင်း ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့လည်း Lane Hanson ကပြောပါတယ်။

သမီးဖြစ်သူ Kassie Braun မတော်တဆသေဆုံးတဲ့သတင်းကိုကြားရတဲ့အတွက် မိသားစုအနေနဲ့ သိပ်ကိုဝမ်းနည်းကြေကွဲမိတယ်လို့နိုဝင်ဘာလ ၇ ရက်နေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မိသားစုရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အဖြစ်အပျက်အသေးစိတ်သိရှိနိုင်ဖို့ သတင်းအပြည့်အစုံကို စောင့်ဆိုင်းနေပြီး Kassie Braun ရဲ့ရုပ်အလောင်းပြန်ရဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Kassie မှာ မောင်တယောက်နဲ့ ညီမတယောက်ရှိပြီး ဘဝမှာပျော်ပျော်နေတတ်သူလည်းဖြစ်၊ ခင်ခင်မင်မင်ရင်းနှီးနေတတ်သူလည်းဖြစ်ကြောင်း၊ Kassie တက်ခဲ့တဲ့ Cathedral အထက်တန်းကျောင်းနဲ့ St. Edward’s တက္ကသိုလ်ကျောင်းက ဆရာဆရာမတွေ၊ သူငယ်ချင်းတွေ အပေါ်မှာ သူဟာ အလွန်ပဲ ချစ်ခင်ရင်းနှီးကြောင်း မိသားစုရဲ့ ကြေညာချက်က ဆိုပါတယ်။ ဒါအပြင် အခုလို သူ့တို့သမီး သေဆုံးတာနဲ့ ပတ်သက်လို့ ဝမ်းနည်းကြေကွဲကြောင်းပြောကြားခဲ့သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်းဖေါ်ပြထားပါတယ်။

အင်ဒီယားနားပြည်နယ် Indianapolis မြို့မှာရှိတဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းဖြစ်တဲ့ Cathedral High school အထက်တန်းကျောင်းကနေ Kassie Braun ဟာ အထက်တန်းပညာကို၂၀၁၅ခုနှစ်က အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုလို Kassie ရုတ်တရက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ကျောင်းအနေနဲ့ ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ရာမှာ သူဟာ အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး ကြင်နာမှုရှိတဲ့ ကျောင်းသူတဦးဖြစ်ကြောင်း Cathedral အထက်တန်းကျောင်းရဲ့ ပြင်ပဆက်ဆံရေး ဒါရိုက်တာ Grace Rodecap က ဗွီအိုအေကို ပြောပါတယ်။

“သူက Cathedral အထက်တန်းကျောင်းကနေ လွန်ခဲ့တဲ့နှစ်နှစ်က အောင်သွားခဲ့တာပါ။ သူဟာ သိပ်ကို စိတ်ထားကောင်းမွန်သူဖြစ်ပြီး လူတိုင်းကလည်း သူ့ကို ခင်မင်ကြပါတယ်။ သူများကို အမြဲကူညီချင်တဲ့သူ လုပ်ပေးစရာရှိရင်လည်း အမြဲ လုပ်ပေးတတ်သူဖြစ်ပါတယ်။ သူက Cathedral အထက်တန်းကျောင်းမှာ သူယုံကြည်တဲ့ဘာသာအရ တခြားသူတွေကိုလည်း ကူညီခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဒီဘာသာရေး ယုံကြည်ချက် ကြောင့်ပဲ သူဟာ st. Edwards တက္ကသိုလ်ကို တက်ခဲ့ပြီး အခု သူဟာ ဘာသာရေးအရ အများကို ကူညီချင်တဲ့ဆန္ဒနဲ့ ဒီခရီးစဉ်ကို လိုက်ပါခဲ့တာဖြစ်ပါတယ်။ သူ့ကို အမြဲသတိရနေကြမှာပါ။ သူ အခုလို ရုတ်တရက်ကွယ်လွန်သွားမှုအတွက် သူ့မိသားစု၊ သူ့မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပြီး ကျမတို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။”

အလားတူ Kassie Braun တက်ခဲ့တဲ့ တက္ကဆက်ပြည်နယ်က St. Edward’s တက္ကသိုလ်ကျောင်းမှာ သူ့ အတွက် ဝမ်းနည်းကြေကွဲကြောင်း ဝတ်ပြုဆုတောင်းပွဲကို မနေ့ကကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG