သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးသစ် ခန့်အပ်ဖို့ အထက်လွှတ်တော်မှာ ကြားနာမှုစတင်


လစ်လပ်နေတဲ့ ၉ ယောက်မြောက် အမေရိကန် နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးနေရာမှာ အမေရိကန် သမ္မတ Donald Trump အမည်စာရင်းးတင် သွင်းခဲ့တဲ့ ပြည်ထောင်စု တရားသူကြီး Brett Kavanaugh က သူ့ရဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်ဖြစ်တဲ့ တရားသူကြီး တဦးဟာ ဥပဒေ ချမှတ်ဖို့ မဟုတ်ပဲ ဥပဒေ အတိုင်းကျင့်သုံးရမှာ ဖြစ်ကြောင်း အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

Kavanaugh ရဲ့ ကြားနာပွဲကို အင်္ဂါနေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး အထက်လွှတ်တော် အမတ်တချို့က သူ့ကို တိုက်ခိုက်ဝေဖန်မှုတွေ နဲ့ သူ့ကို ခန့်အပ်ဖို့ လုပ်ဆောင်မှုအတွက် လွှတ်တော်အပြင်ကနေ ကန့်ကွက်သူတွေရဲ့ ဟစ်အော် ဆန္ဒပြမှုတွေ အပြင် လွှတ်တော်က အနဲစု ဖြစ်တဲ့ ဒီမိုကရက်တစ် လွှတ်တော် အမတ်တွေက ကြားနာပွဲကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါ့ကြောင့် ကြားနာပွဲ စတင်ပြီး နောက်ပိုင်း ၇ နာရီလောက် အကြာ ဝါရှင်တန်စံတော်ချိန် ညနေ ၅ နာရီထိုးခါနီးလောက်မှပဲ Kavanaugh က သူ့အဖွင့်မိန့်ခွန်းကို ပြောခွင့်ရခဲ့ပါတယ်။

အမေရိကန် နိုင်ငံတော် တရားရုံးချုပ်ဟာ ပါတီစွဲကင်းတဲ့ဌာနတခု အဖြစ်ရပ်တည်ရမှာ ဖြစ်သလို တရားရုံးချုပ် တရားသူကြီးတွေ အနေနဲ့ ပါတီစွဲ မထားရသလို အုပ်စုဖွဲ့တာမျိုးလည်း မလုပ်ဆောင် ကြဘူးလို့ မစ္စတာ Kavanaugh က ပြောပါတယ်။ တကယ်လို့ သူ့ကိုခန့်အပ်ဖို့ အတည်ပြုခဲ့ရင် သူဟာ တရားရုံးချုပ်တရားသူကြီး ၉ ဦးပါ အဖွဲ့ဝင် တယောက် အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားဥပဒေတွေ အရ အမှုတွေကို ကိုင်တွယ် ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သူဟာ အနာဂတ် အမေရိကန်နိုင်ငံနဲ့ လွတ်လပ်မှုတတဲ့ တရားရေးမဏ္ဍိုင် အတွက် အပြုသဘောဆောင် ရှုမြင်သူ တဦးဖြစ်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မြတ်နိုးသူဖြစ်ကြောင်းလည်း ပြောပါတယ်။ သူ့ကို ခန့်အပ်ဖို့ အတည်ပြုခဲ့ရင် အမှုတိုင်းအတွက် အမြင်ကျယ်ကျယ်နဲ့ သုံးသပ် ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဆင်းရဲ ချမ်းသာမရွေး ရပိုင်ခွင့်တန်းတူ ရှိစေဖို့ လုပ်ဆောင်မှာ ဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံနဲ့ အမေရိကန်ရဲ့ တရားဥပဒေစိုးမိုးမှု အရည်တည်တံ့အောင် အမြဲ ကြိုးစားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG