သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်း ရေဘေး လေးဦး သေဆုံး


မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ သီတင်းပတ်နဲ့ချီပြီး မိုးတွေ ဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် ရေကြီးမှုတွေ ဖြစ်ပေါ်နေတာမှာ အခုချိန်ထိ မိုးက စဲ မသွားသေးပဲ သေဆုံးသူ အရေအတွက်ဟာလည်း ၄ ဦးအထိ ရှိသွားပြီ ဖြစ် ပါတယ်။ ကောလင်းမြို့ပတ်လည်မှာရှိတဲ့ ရွာတိုင်းနီးပါး ရေမြုပ်သွားတဲ့ အတွက် စိုက်ပျိုးရေး အဓိကဖြစ်ထွန်းတဲ့ ဒေသတွေ အားလုံး ရေမြုပ်သွားခဲ့တဲ့ အပြင် ဒေသခံတွေ နေ့စဉ် စားသောက်ရေး အတွက်ပါ အခက်အခဲတွေ ရှိနေတဲ့ အတွက် စေတနာရှင်တွေက အလှုငွေနဲ့ ထမင်းထုပ် သောင်းနဲ့ ချီပြီး နေ့စဉ် ဝေငှပေးနေရတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ပေးနေ သူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီနှစ် ရေကြီးမှုဟာ ကောလင်းမြို့သမိုင်းမှာ လူအသေအပျောက်များတဲ့ အဆိုးရွားဆုံး ရေကြီးမှုမျိုး မဟုတ်ပေမယ့်လည်း ဇူလိုင်လ ၁၇ ရက်နေ့က စတင်လိုက်တဲ့ မိုးဟာ အခုချိန်ထိ ကောင်းကောင်း စဲမသွားသေးပဲ ရေဟာ (၇) ပေလောက်အထိ တက်ခဲ့တာကြောင့် အိမ်လုံးကျွတ် ရေထဲပါသွားတာတွေပါ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်မိုးဟာ တခြားနှစ်တွေထက် ထူးခြား များပြားတဲ့အတွက် သမ္မတ ဦးသိန်းစိန်နဲ့ အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကိုယ်တိုင် ကောလင်းမြို့က ရေဘေး ကယ်ဆယ်ရေး အခြေအနေတွေကို သွားရောက် ကြည့်ရှုခဲ့ရတဲ့အထိ ဆိုးရွားနေတာပါ။

ကောလင်းမြို့မှာ လက်ရှိ ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ငန်း အခြေအနေတွေအပါအဝင် လူသေဆုံးသွားတဲ့ ဖြစ်စဉ်တွေကိုတော့ ဦးဆောင်လုပ်ကိုင်နေတဲ့ လူမှုရေးအသင်းက တာဝန်ရှိသူ ကိုအောင်မျိုးဝေက အခုလို စရှင်းပြပါတယ်။

" သေတဲ့သူက လေးယောက်တောင် ခင်ဗျ။ ပြီးခဲ့တဲ့ တနေ့ကအထိလေ။"

မေး။ ။ ဘယ်သူတွေ များပါလဲခင်ဗျ။ ယေဘူယျပြောလို့ရမလား။ သာမာန်ရွာသားတွေလား။ မီးသတ်တယောက်ပါတယ်တော့ ကျနော်ကြားတယ်။ မီးသတ်တယောက်အပြင် ကျန်တဲ့သုံးယောက်က အရပ်သူ အရပ်သားတွေလား။

" ဟုတ်ပါတယ်ခင်ဗျ။ ကျန်တဲ့သုံးယောက်က သာမာန်အရပ်သားတွေ၊ အားလုံး ယောက်ကျားလေးတွေချည်းပဲ။ "

မေး။ ။ မီးသတ်ရဲဘော်က ကယ်ဆယ်ရေးလုပ်ရင်းနဲ့ သူ ဆုံးသွား တယ်ကြားပါတယ်။ ကျန်တဲ့သုံးယောက်ကရော ရေနစ်ပြီးဆုံးတာလား။ တခြားကိစ္စနဲ့ ဆုံးတာလား။ သိလားခင်ဗျ။"

" ရေနစ်ပြီးဆုံးတာပါခင်ဗျ။ ကျနော်တို့ရရှိတဲ့ လူသေစာရင်းတွေ အကုန်လုံးက ရေထဲမျောပါပြီးတော့မှ ပြန်ပြီးတော့ ရှာဖွေ ဆယ်ယူပြီးတော့မှ အလောင်းပြန်ရတဲ့ သေဆုံးသူတွေပါခင်ဗျ။"

မေး ။ ။ သမ္မတကြီး ကောလင်း လာသွားတယ် ကြားပါတယ်ခင်ဗျ။ သူလာတုန်းက ဘယ်နှစ်ရက်လောက်ရှိသွားပြီလဲ။ ဘယ်နေ့က လာတာလဲခင်ဗျ။

" နှစ်ဆယ့်တစ်ရက်နေ့ ထင်ပါတယ်ခင်ဗျ။"

မေး ။ ။ သူကရော ဘာတွေများ အကူအညီပေးသွားလဲ။

" သမ္မတကြီးကတော့ ဘက်ဂျက်အတွက် နောက်ထပ် ပံ့ပိုးကူညီနိုင်မယ့်အပိုင်းကို အဓိက ထားပြီးတော့မှ ဦးစားပေး ပြောသွားပါတယ်ခင်ဗျ။ လတ်တလော အတွက်ကတော့ ဆန်အိတ် နှစ်ရာ၊ အထွေထွေသုံး ကစ်ဘောက်စ် ၃၇ ခုလောက်နဲ့ နောက်ပြီး ထောက်ပံ့ရေးပစ္စည်း မျိုးစုံ လှူဒန်းသွားပါတယ်ခင်ဗျ။"

မေး။ ။ အခု ရွာတွေမှာ ရေမြုပ်တာ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်နေတော့ သူတို့အတွက် စားဖို့သောက်ဖို့ကအစ အကုန်လုံး တာဝန်ယူ လုပ်ပေးနေရတယ်ဆိုတဲ့ သဘောလားခင်ဗျ။

" အဓိကကတော့ ရေက လူနေလို့ရအောင် ကျဆင်းမသွားပဲနဲ့ တင်ကျန်နေတဲ့ ရွာတွေ ကျန်သေးတယ်ခင်ဗျ။ "

မေး။ ။ တနေ့ တနေ့ကို ထမင်းထုတ် အရေအတွက် ကို လူဘယ်နှစ်ယောက်စာ အတွက်ကို ချက်ပေးနေရလဲခင်ဗျ။

"ဟုတ်ကဲ့။ တခါတလေကျရင် ကျနော်တို့ မြို့နယ်မှာလည်း တပ်ဖွဲ့ဝင် အင်အားတွေနဲ့ ဝိုင်းဝန်းပြီးတော့ လုပ်ကိုင်ရတာရှိတော့ အားလုံး သောင်းဂဏန်းအထက်တောင် တခါတလေ ရှိတတ်ပါတယ်။

ကျနော်တို့ ကောလင်းမြို့နယ်မှာ ရှိတဲ့ လူမှုရေး အဖွဲ့တွေနဲ့ ပရဟိတ အသင်းတွေကတော့ အဓိက စဖြစ်ကတည်းက အခုထိ တလျောက်လုံး ဆက်တိုက်ဆိုသလိုပဲ တချို့ မီးဖိုချောင် မှာ ချက်ပြုတ် ကျွေးမွေးတဲ့ အဖွဲ့တွေဆိုရင်လည်း တော်တော်ကြီးကို ကြံ့ကြံ့ခိုင် ရပ်တည်ပြီးတော့ ဆက်လက်ပြီးတော့ နိုင်သလောက်ဝန်ကို ထမ်းနေကြတုန်းပါပဲ။"

ပစ္စည်းဆုံးရှုံးမှု အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်တော့ အခုနှစ် ရေကြီးတာဟာ အဆိုးဆုံးပဲလို့ ကောလင်းမြို့က တခြား ဒေသခံတဦးကလည်း အခုလို ပြောပြပါတယ်။


" ဆုံးရှုံးမှုကတော့ အခုနှစ်ကတော့ အဆိုးဆုံးပဲ။ လူအသေအပျောက်ကတော့ နည်းတာပေါ့နော်။ လယ်တွေက အကုန်နစ်၊ ပျိုးတွေကလည်း အကုန်နစ်။ အကုန်ဆုံးရှုံးတာပါပဲ။ ပျိုးထောင်ထားတွေလည်း အကုန်ဆုံးရှုံး။ ရထားလမ်းတွေက ဒီကနေ မြစ်ကြီးနားအထိ သွားတဲ့လမ်းမှာ မန္တလေးကနေဆို မလာနိုင်သေးဘူး။ ရထားလမ်းတွေက ကန့်ဘလူလောက်အထိပဲ ပေါက်တယ်။ တံတားတွေက တော်တော်ကျိုးနေပြီ။ သံလမ်းတွေဘက်ကလေ။"

ကြာသပတေးနေ့ နှောင်းပိုင်းအထိ နောက်ဆုံး ရရှိတဲ့ သတင်းအရ ကတော့ ကောလင်းမြို့ အရှေ့တောင်ဖက်မှာရှိတဲ့ တောင်ပုံရွာက အိမ်ခြေ ၁၁ လုံးလောက် ရေထဲ မျောပါသွားပြီး လူအသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။

XS
SM
MD
LG