သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့သောင်းထောင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား


တနသာၤရီတိုင်း၊ ကော့သောင်းမြို့နယ်ပြမြေပုံ။
တနသာၤရီတိုင်း၊ ကော့သောင်းမြို့နယ်ပြမြေပုံ။
ကော့သောင်းမြို့အကျဉ်းထောင်မှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့လို့ မြန်မာအာဏာပိုင်တွေ အရေးယူကိုင်တွယ်တဲ့လုပ်ရပ်အပေါ်မှာ မကျေနပ်တဲ့အတွက် ကော့သောင်းထောင်ကြီးအတွင်း ဒီကနေ့မနက် အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ အကျဉ်းသားတွေက ထောင်ဖောက်ထွက်ပြေးဖို့ ကြိုးစားလို့ ထောင်အာဏာပိုင်တွေက ထိန်းသိမ်းတဲ့အနေနဲ့ ပစ်ခတ်ရတယ်လို့ အစိုးရမီဒီယာတွေက ထုတ်လွှင့်မှုအပေါ် မကျေနပ်လို့ ဆန္ဒပြရတယ်လို့လည်း အကျဉ်းသားအကူညီပေးသူတွေက ပြောပါတယ်။ အခုလိုပစ်ခတ်မှုမှာ အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကော့သောင်း ဆေးရုံမှာ ကုသနေပေမဲ့ မိဘဆွေမျိုးတွေနဲ့ တွေ့ခွင့်မရဘူးလို့လည်း ဒဏ်ရာရ အကျဉ်းသားတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တနသာၤရီတိုင်း၊ ကော့သောင်းမြို့မှာရှိတဲ့ (၉) မိုင်အကျဉ်းထောင်အတွင်းမှာ ဒီကနေ့မနက်မှာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ အခုလိုဆန္ဒပြရတာဟာ စက်တင်ဘာ (၁၃) ရက်နေ့ ညပိုင်းမှာ ထောင်အာဏာပိုင်တွေကနေ အကျဉ်းသားတွေကို ပစ်ခတ်မှုကြောင့် သေကျေထိခိုက်ဒဏ်ရာရခဲ့တဲ့ လုပ်ရပ်အတွက် ဆန္ဒပြရတယ်ဆိုပြီး အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ဦးနဲ့ လျှို့ဝှက် ဆက်သွယ်နိုင်ခဲ့တဲ့အချိန်မှာ အခုလို ပြောပါတယ်။

“ကျနော်တို့ (၉) မိုင်အကျဉ်းထောင်ထဲမှာ ဆန္ဒပြနေပါတယ်။ ဒီမှာ ထောင်ပိုင်ကြီး မကောင်းတဲ့အတွက်ကြောင့် အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရတယ်။ (၉) ယောက်က ထိခိုက်ဒဏ်ရာရပြီး တယောက်သေဆုံးတယ်။ အကြောင်းရင်း ကတော့ အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို ညကြီးအချိန်မှာ ခေါ်ထုတ်သွားတယ်။ နည်းနည်းပါးပါး စကားများကြတဲ့ အကျဉ်းသားတွေကို ခေါ်ထုတ်ပြီးတော့ ဗူးမှာ ထောင်ပိုင်ကြီးတို့ ဝန်ထမ်းတွေက ကျနော်တို့ အကျဉ်းသားတွေကို ရိုက်ပါတယ်။ ရိုက်တဲ့အတွက်ကြောင့် ကျနော်တို့ အကျဉ်းသားတစုကနေပြီးတော့ မရိုက်ပါနဲ့လို့- မေတ္တာရပ်ခံပါတယ်။ ဒါပေမဲ့ မရဘူး၊ ရိုက်ပါတယ်။ အဲဒါပြီးတော့ သူတို့က ကျနော်တို့ကို ကျည်နဲ့ သေနတ်နဲ့ ပစ်ကြပါတယ်။ ဟိုကနေပစ်တာ ကျနော်တို့ အကျဉ်းသားတွေမှာ ဘာမှမရှိပါဘူး။ ကျနော်တို့မှာ ဘာမှ ခုခံတာ မရှိပါဘူး။”

အကျဉ်းသားတွေ ဆန္ဒပြရတာဟာ မနေ့က နိုင်ငံပိုင်အသံလွှင့်ရေဒီယိုကနေ အကျဉ်းသားတွေ ထောင်ဖောက် ပြေးခဲ့တဲ့အတွက်ကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်ဆိုတဲ့ ထုတ်လွှင့်ချက်အပေါ် မကျေနပ်လို့ အခုလို ဆန္ဒဖော်ထုတ် ပြသရတယ်လို့လည်း ကော့သောင်းမြို့ခံ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ တနင်္သာရီတိုင်း၊ စည်းရုံးရေးမှူးလည်းဖြစ်၊ အကျဉ်းသား အကူအညီပေးသူ တဦးလည်းဖြစ်တဲ့ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

“အဲဒီ ၁၃ ရက်နေ့က ပစ်တဲ့ကိစ္စက သတင်းမှားကြီးတင်ထားလို့ သူတို့က ထောင်ဖောက်ပြေးတာမဟုတ်ဘူး။ သူတို့က မတရား ညှင်းပမ်းနှိပ်စက်လို့ သတင်းမှန်ကို ထုတ်လွှင့်ပေးဖို့ အဲဒါတွေကို ဆန္ဒပြတာပါဗျာ။ သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးရေး-ဒို့အရေး ဒို့အရေး ပေါ့ဗျာ။ နောက် တစ်ခုက ပွင့်လင်းမြင်သာမှုရှိရေး ဒို့အရေး ဒို့အရေးပေါ့။ နောက် လူသတ်သမား ထောင်ပိုင်အား ချက်ခြင်းအရေးယူပေးရေး ဒို့အရေး ဒို့အရေးပေါ့နော်။ သူတို့က အဲဒီလို။”

ဒီဆန္ဒပြမှုအပေါ် ကော့သောင်းမြို့နယ် ထောင်အာဏာပိုင်တွေနဲ့ မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးတွေကနေ ဆန္ဒပြသူ အကျဉ်းသားတွေနဲ့ တွေ့ဆုံညှိနှိုင်းအပြီး မနက် ဆယ်နာရီကျော်လောက်မှာ ဆန္ဒပြမှု အဆုံးသတ်ခဲ့ပါတယ်။ နှစ်ဘက် သဘောတူညီချက်ကိုတော့ အတည်ပြုချက်မရရှိသေးပါဘူး။ စက်တင်ဘာ (၁၃) ရက်နေ့၊ ညပိုင်းမှာဖြစ်ပွားခဲ့တဲ့ ထောင်တွင်းပစ်ခတ်မှုတွေနဲ့ပက်သက်လို့ ကော့သောင်းမြို့ခံ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

“ရုံးထုတ်တဲ့ကောင်လေးနှစ်ယောက်၊ အဲဒီကောင်လေးနှစ်ယောက်ကို ထောင် နှစ်နှစ်စီ ချလိုက်တယ်တဲ့။ ထောင်ထဲရောက်တဲ့အခါ သူတို့ စကားများကြတယ်-တဲ့။ ထောင်ပိုင်က အရေးယူတဲ့အနေနဲ့ ဒေါက်ခတ်လိုက်တယ်-တဲ့။ ဒေါက်ခတ်ပြီးတာနဲ့ ထောင်ပိုင်က ရိုက်တာ၊ ထုတာတွေ လုပ်တယ်-တဲ့။ အကျဉ်းထောင်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေက မနိုင်လို့ပေါ့ဗျာ။ အခန်းထဲမှာ မီးရှိုှုှု့တာတို့ ဘာတို့ပေါ့ဗျာ။ မီးရှိုှု့တာကတော့ အဝတ်အစားတွေ မီးရှို့တာတော့ ရှိချင်ရှိမယ်။ ကော့သောင်းအာဏာပိုင်တွေက အိမ်ကနေ ခဲယမ်းမီးတောင့်တွေနဲ့ ပစ်တယ်တဲ့။ အခု ဒဏ်ရာရနေတာက ဆေးရုံမှာ အားလုံး ၇ ယောက်ပေါ့ဗျာ။ ၁ ယောက်ကတော့ ဆုံးသွားပြီ။ ၇ ယောက်လုံးက ကျည်မထုတ်ရသေးဘူး။ ကျည်ဝင်နေတာလည်းရှိချင်ရှိမယ်။ ကျည်ဖောက်ထွက်သွားတာလည်း ရှိချင်ရှိမယ်။”

အခုလို ထောင်တွင်းဆူပူမှုနဲ့ ပတ်သက်ပြီးသိရှိဖို့အတွက် ကော့သောင်းမြို့ အကျဉ်းထောင်နဲ့ ရဲစခမ်းကိုဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

မြန်မာအာဏာပိုင်တွေဘက်ကတော့ အကျဉ်းသားနှစ်ဦး ရန်ဖြစ်ရာကနေ အစပြုပြီး ထောင်တာဝန်ရှိသူတွေကနေ ဝင်ရောက်ထိန်းသိမ်းတဲ့ အပေါ် အကျဉ်းသားတွေက ဆူပူခဲ့ပြီး ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့အတွက် အခြေအနေကို ထိန်းသိမ်းခဲ့ရာမှာ သေနတ်နဲ့ ပစ်ဖောက်ခဲ့တဲ့အတွက် အကျဉ်းသားတစ်ဦး သေဆုံးပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒီကနေ့ထုတ် သတင်းစာထဲမှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရရှိထားတဲ့ အကျဉ်းသားတွေကိုလည်း ကော့သောင်း မြို့ ပြည်သူ့ ဆေးရုံကြီးမှာ ဆေးဝါးကုသပေးခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကော့သောင်းဆေးရုံမှာပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံနေရတဲ့အခြေအနေတွေကိုတော့ ဒဏ်ရာရသူ အကျဉ်းသားတဦးရဲ့ဆွေမျိုးသားချင်းတဦးက အခုလိုပြောပါတယ်။

“သူတို့က အခုထိ ဘာမှ မလုပ်ပေးသေးဘူး။ ပစ်လိုက်တာက သူ့ကို ရင်ဘတ်ထဲမှာထိပြီးတော့ ကျည်ဆံက အထဲထဲမှာ ဖြစ်နေတယ်။ လူနာကို အခုထိတော့ ဘာမှ မလုပ်ပေးသေးဘူး။ ခြေထောက်မှာထိတဲ့သူရှိတယ်။ ခေါင်းမှာထိတဲ့သူ ရှိတယ်။ လက်မှာ ထိတဲ့သူ ရှိတယ်။ အခုတော့ အထဲမှာ ကျည်ဝင်နေတော့ သူ မခံစားနိုင်ဘူးဖြစ်နေတယ်။ ဘာမှလည်း ဝင်ခွင့်လည်း မပေးဘူး၊ ကြည့်ခွင့်လည်း မပေးဘူး။ တွေ့ခွင့်လည်း မပေးဘူး ဖြစ်နေတယ်။”

ဒီထောင်တွင်း ဆူပူမှုကနေ ထိန်းသိမ်းရာမှာ အကျဉ်းသား ဦးဌေးငယ်ဆိုတဲ့သူ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၇) ဦးထဲက (၃) ဦးကတော့ အရေးပေါ်ဆေးဝါးကုသခံနေရတယ်လို့လည်း အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ဒီထောင်တွင်း ဆူပူမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ ကော့သောင်းမြို့ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ထားခြင်းခံရတဲ့ လူငယ်နှစ်ဦး ထောင်တွင်းမှာ ခိုက်ရန်ဖြစ်ပွားကနေအစပြုပြီး ထောင်အာဏာပိုင်တွေက အကြမ်းဖက်ထိန်းသိမ်းခဲ့လို့ အခုလို ထောင်တွင်းဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း လေ့လာအကဲခတ်သူတွေက ပြောပါတယ်။

အခုလို ထောင်တွင်းမှာဖြစ်ပွားခဲ့တဲ့ဆူပူမှု၊ အရေးယူမှုနဲ့ပက်သက်ပြီး လာမယ့်စက်တင်ဘာ (၁၇) ရက်နေ့မှာ ကော့သောင်းမြို့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုဖို့ စီစဉ်သွားမယ်လို့လည်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
XS
SM
MD
LG