သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးကြား တိုက်ပွဲဆက်ဖြစ်နေ


မိုးဗြဲရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့စဉ် ("AFP PHOTO / KANTARAWADDY TIMES ")
မိုးဗြဲရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့စဉ် ("AFP PHOTO / KANTARAWADDY TIMES ")

{{Zawgyi/Unicode}}

ကယားပြည်နယ်မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့လည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဒီမောဆိုမြို့က ထွက်ပြေးနေရသူတွေအတွက် လိုအပ်တဲ့အကူအညီတွေပို့ပေးသူ လူငယ်နှစ်ယောက်ကို စစ်တပ်ကပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကယားပြည်နယ်ဘက်က နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်တပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့တိုက်ပွဲတွေဖြစ်နေတဲ့ ဒီမောဆိုမြို့မှာ ဒီနေ့ နေ့လည်ပိုင်းကလည်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်က ၁ ယောက်သေဆုံးတယ်လို့ မြို့ခံတဦးကပြောပါတယ်။

"ဒီနေ့လည်တုန်းက PDF အဖွဲ့နဲ့ တပ်ဘက်နဲ့အပြန်အလှန်ပစ်ခတ်ရင်းနဲ့ PDF အဖွဲ့ဘက်ကတယောက်ကျသွားတာပေါ့နော်။ ဒီမောဆိုမြို့လမ်းခွနဲ့ငွေတောင်ရပ်ကွက်မှာပစ်ကြတယ်။ စစ်တပ်ဘက်ထိခိုက်မှုတော့မသိရသေးဘူး။ ဒါပေမဲ့ PDF ဘက်ကတော့ အတိအကျကတော့ တယောက်ကျသွားတယ်"

စစ်တပ်က အင်အားဖြည့်ထားပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ တိုက်ပွဲတွေကြောင့် မြို့က ထွက်ပြေးသွားကြသူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူတဲ့ လူငယ်နှစ်ယောက်ကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

"ဒီမောဆို မာနာပလောရပ်ကွက်မှာ အသတ်ခံရတာပေါ့။ စစ်ဘေးရှောင်အတွက်ပစ္စည်းသွားလှူဒါန်းရင်းနဲ့ပေါ့။ ကျနော်တို့သွားလှူသလိုမျိုးပေါ့။ ဟိုစစ်တပ်နဲ့တိုးတော့ပစ်သတ်ခံလိုက်ရတာပေါ့။ ဒီမနက်မှာပဲ။"

အသတ်ခံရတဲ့စစ်ရှောင်ကူညီရေးအဖွဲ့ဝင် Alfred လုဒူ နဲ့ Patrick ဘိုးရယ်တို့နှစ်ဦးကို ဒေသခံပြည်သူတွေက မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ဒီမောဆိုမြို့တွင်း ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ ဒီမောဆိုမြို့မှာ PDF အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀,၀၀၀ လောက် စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတာဝန်ရှိသူ ခူသဲရယ် ကပြောပါတယ်။

"ဒီမောဆိုသက်သက်က ၂၀,၀၀၀ ကျော်နေပြီ။ စစ်ဘေးရှောင်စခန်းတော့ ဒီမောဆိုဘက်မှာ သီးသန့်ဖွင့်ထားတာမရှိသေးဘူး။ ဒါပေမဲ့ တချို့က သူ့အမျိုးအိမ်မှာသွားနေကြတယ်။ တချို့က တောတောင်မှာသွားနေကြတယ်။"

ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲတွေရှိခဲ့တဲ့ လွိုင်ကော်မြို့မှာတော့ ဒီနေ့ တိုက်ပွဲတွေငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမောဆိုဘက်မှာ PDF တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ မိုးရာသီအတွက်အမိုးအကာနဲ့ဆေးဝါးပစ္စည်းတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကော်မီတီဝင် တွေက ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ ကယားပြည်နယ်ထဲက အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့လာတယ်လို့ ပြီးခဲ့တဲ့ရက်တွေမှာထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လက်ရှိကယားပြည်နယ်ထဲမှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းထားပြီး လုံခြုံရေးနဲ့ လမ်းကြောင်းအခြေအနေစိုးရိမ်နေရလို့ ယာယီ ဒုက္ခသည်စခန်းကို အကူအညီတွေ ရောက်မလာသေးဘူးလို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အကူအညီရနိုင်ဖို့ ခက်ခဲနေကြပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG