သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမြို့နယ်တွင်း ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား


ကုန်းသာရွာဘက်က ပစ်ခတ်တိုက်ခိုက်မှုအတွင်း အသေအပျောက်ရှိ။ (ဓာတ်ပုံ-ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်)
ကုန်းသာရွာဘက်က ပစ်ခတ်တိုက်ခိုက်မှုအတွင်း အသေအပျောက်ရှိ။ (ဓာတ်ပုံ-ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်)

Zawgyi/Unicode

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ ကြား လေးရက် ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့သိရပြီး ကျေးရွာနေအိမ်အချို့လည်း မီးလောင်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ကယားပြည်နယ်က တိုက်ပွဲအခြေအနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာနဲ့ သေးဆူလဲရွာတဝိုက်မှာ စက်တင်ဘာ ၂၃ ရက်ကနေ မနေ့က စက်တင်ဘာ ၂၆ ရက်ညပိုင်းအထိ ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ကုန်းသာရွာ၊ သေးဆူလဲကျေးရွာ က နေအိမ်တွေမှာ တပ်စွဲနေယူထားပြီး စစ်တပ်တွေ ပြန်လည်ဆုတ်ခွာသွားချိန် နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ အလုံး ၅၀ ထက်မနည်းရှိတယ်လို့ ကုန်းသာ ရွာ ပရဟိတသမားတဦးက VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီကုန်းသာကျေးရွာမှာရော သေးဆူလဲရွာရော လက်နက်ကြီးတွေ အများကြီးထိတယ်ပေ့ါနော်။ အများကြီးကျရောက်တယ်။ အဲလိုမျိုးကျရောက်တဲ့ အခါကျတော့ နေအိမ်တွေ တော်တော်လေးလည်း ထိခိုက်တယ်ပေါ့နော်။ အဲ့ဒါပြီးတဲ့နောက်မှာကျတော့ (စစ်တပ်) သူတို့က ဟို… ရွာကနေပြန်ဆုတ်ခွာတဲ့အခါမှာ

မိန်းလမ်းတစ်လျှောက်ပေါ့နော် ပြည်ထောင်စုလမ်းကြီးတလျှောက်မှာရှိတဲ့နေအိမ်တွေ တော်တော်များများပေါ့နော် အဲ့လိုမျိုးမီးရှို့တယ်၊ လုံးဝကြီးပြာကျသွားတဲ့အိမ် အရေအတွက်က ၄၀ နဲ့ ၁ လုံးပေါ့နော် နောက်လက်နက်ကြီးထိမှန်တာတို့ လက်နက်ငယ်ရယ် အဲ့လိုထိမှန်တဲ့အိမ်အပါအဝင်ဆိုရင် စုစုပေါင်းအရေအတွက် ၅၀ လောက်ရှိတယ်ဗျ။”

တိုက်ပွဲကြောင့် မပြေးနိုင်ဘဲ ရွာမှာကျန်နေခဲ့တဲ့ ကုန်းသာရွာက အသက် ၇၀ အရွယ် အဘိုးအိုတဦး စက်တင်ဘာ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ရုပ်အလောင်းကို ဒီကနေ့ လူနာတင်ယာဉ်နဲ့ မီးသဂြိုဟ်ဖို့ သယ်သွားရာ လမ်းဘေးထောင်မိုင်းထိမှန်ပါတယ်။ ဒါပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ကုန်းသာရွာပရဟိတက ဆက်ပြောပါတယ်။

ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲတွေအတွင်း လွိုင်ကော် PDF တပ်ဖွဲ့ဝင်တဦး၊ KNDF တပ်ရင်း ၁ ဒုတပ်စုမှူးတဦး သေဆုံးပြီး ၄ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လွိုင်ကော် PDF ကနေပြီးတော့ ရဲဘော်တဦး ကျဆုံးတယ်။ ဒါ ကျောက်ဆည်ကန်တိုက်ပွဲမှာ ကျဆုံးတယ်ပေါ့နော်၊ နောက်ထပ်KNDF ရဲဘော်တဦးလည်း ကျဆုံးတယ် ဒီမနက်မှာ ကျနော်တို့ အတည်ပြုနိုင်တယ်ပေါ့၊ ဒဏ်ရာရတဲ့ လူကတော့ အသေးစားဒဏ်ရာအနေနဲ့ ၄ ဦးလောက်တော့ရှိတယ်။ ဒါတော့ ကျနော်တို့ အတည်ပြုနိုင်တယ်ပေါ့နော်။”

စစ်ကောင်စီတပ်က ဒေသခံနေအိမ်မှာတပ်စွဲထားပြီး ပြန်လည်ဆုတ်ခွာချိန် M.16 ကျည်ဆံ..စတဲ့ လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းခဲ့ရတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အပြန်လှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်ကလည်း ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ KNDF တပ်ရင်း ၆ တပ်စုမှူးတဦးက ပြောပါတယ်။

“အခု စစ်ကောင်စီဘက်က ကျဆုံးတာတော့ ရှိမယ်။ ဒါပေမယ့် အတိအကျတော့ မနေ့ကတော့ ကျနော်တို့သိရသလောက်ကတော့ ၁၀ ယောက်ကျော်လောက်ပဲ ရှိသေးတယ်ပေ့ါနော်။ ဒါပေမယ့် အခုအနေအထား ဒီမနက် ကျနော်တို့သွားစစ်တဲ့ ပုံစံမျိုးဆိုရင် တော်တော်လေးကိုကျမှာ။ လမ်းမှာ သူတို့ဝတ်ထားတဲ့အဝတ်အစားတွေ သွေးတွေဘာတွေကျတဲ့ဟာတွေ ကျနော်တို့ ပြန်တွေ့လိုက်တယ်။ ပြန်တွေ့လိုက်တော့ တော်တော်လေးများတယ်ပေါ့နော်။”

တိုက်ပွဲအခြေအနေကြောင့် ကယားပြည်နယ်တွင်း စစ်တပ်အင်အားတွေ အများအပြား တိုးချထားသလို အရပ်သားနေအိမ်တွေမှာ နေရာယူပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးရှိတယ်လို့ KNDF တပ်ရင်း ၆ တပ်စုမှူးက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်တွေရဲ့ဖိနှိပ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်က တော်တော်များများ အိုးအိမ်စွန့်ခွာ နီးစပ်ရာ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရပြီး ဒေသခံတွေဟာ ဒုက္ခမျိုးစုံနဲ့ ကြုံနေရကြပါတယ်။

တောတောင်ထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလိုနေထိုင်စားသောက်နေရသလို မကျန်းမာသူလည်း များစွာနေရှိတယ်လို့ စစ်ရှောင်အကူအညီပေးသူတွေကပြောပါတယ်။ လက်ရှိအချိန်ထိ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်က ကြီးမားတုန်းပဲလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------

Unicode
















XS
SM
MD
LG