သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ ကက်သလစ်ဘုရားကျောင်းဆေးခန်း ဖမ်းဆီးခံရသူတွေပြန်လွတ်


လွိုင်ကော် ကက်သလစ် ဂရုဏာဆေးခန်း (ဓာတ်ပုံ-CJ)
လွိုင်ကော် ကက်သလစ် ဂရုဏာဆေးခန်း (ဓာတ်ပုံ-CJ)

{{Zawgyi/Unicode}}

ကယားပြည်နယ်လွိုင်ကော်မြို့မှာရှိတဲ့ ဂရုဏာဆေးခန်းက ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မနေ့က ညနေ ၆ နာရီ ကျော်လောက်မှာ ပြန်လွတ်လာပါတယ်။ စစ်ကောင်စီရဲ့သတင်းတွေမှာတော့ ဂရုဏာဆေးခန်းမှာ ကူညီလုပ်ဆောင်နေတဲ့ CDM ဆရာဝန် ၂ဦးနဲ့ သူနာပြု ၄ ဦးတို့ကို ထိရောက်စွာအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယား (ခ) ရပ်ကွက်မှာရှိတဲ့ ခရစ်တော်ဘုရင် ကတ်သလစ်ဘုရားကျောင်းကို နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းလောက်မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး ဘုရားကျောင်းအတွင်းမှာ ဖွင့် လှစ်ထားတဲ့ ဂရုဏာဆေးခန်းက ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားလို့ ဘုရားကျောင်းတာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

ဒီလို ဖမ်းဆီးပြီး နောက်တနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၃ ရက် ညနေ ၆ နာရီကျော်လောက်မှာ သူတို့ ၁၈ ဦးစလုံး ပြန်လွတ်လာတယ်လို့ ပြောပါတယ်။ ဘာကြောင့်ပြန်လွတ်လာတာလဲ စစ်ကောင်စီက ဘာတွေ စစ်ဆေးမေးမြန်းသလဲဆိုတာကို အသေးစိတ် ပြောမသွားပါဘူး။

ဒါပေမယ့်ပြန်လွတ်လာသူတွေဟာ စိုးရိမ်ပူပန်းမှုတွေနဲ့ တော်တော်ကြောက်ရွံ့ နေတာကို တွေ့ရပြီး ဘဝလုံခြုံမှုမရှိတဲ့အနေအထားမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီဂရုဏာဆေးခန်းမှာ ကူညီလုပ်ဆောင်နေတဲ့ CDM ဆရာဝန်နှစ်ဦးနဲ့ သူနာပြု လေးဦးတို့ဟာ ပြီးခဲ့တဲ့ မတ်လမှာ ပုဒ်မ-၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူဖြစ်ပြီး ထိရောက်စွာအရေးယူသွားမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်အဖွဲ့အစည်းကဒဏ်ရရသူတွေ၊ ကျန်းမာရေးမကောင်းသူတွေကို ဆေးကုသဆောင်ရွက်ပေးနေတယ်ဆိုတဲ့သတင်းကြောင့် ဝင်ရောက်ဖမ်းဆီးတာလို့ဖော်ပြပါတယ်။ ဝင်ရောက်စီးနင်းရှာဖွေရာမှာ ကိုဗစ်လူနာသည်တွေအပါအဝင် လူနာ ၄၈ ဦးကိုတွေ့ခဲ့ရပြီး သူတို့ကိုတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

ဘုရားကျောင်းတာဝန်ရှိသူတဦးကတော့ ဖမ်းဆီးရှာဖွေမှုနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေကို မသိရသေးပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူနဲ့ ညှိနှိုင်းဆောင် ရွက်သွားမယ့လို့ အခုလို ပြောပါတယ်။

“အဲ့ဒီကိစ္စတွေအတွက်တော့ အတတ်နိုင်ဆုံး အဆင်ပြေအောင်တော့ ကျနော်တို့ ညှိနှိုန်းဆောင်ရွက်ဖို့လည်း ရှိပါတယ်။ ဆက်လက်ပြီးတော့လည်းနော်၊ နောက်ပြီး ကယားပြည်နယ်ရဲ့ ပြည်နယ်ကျန်းမာရေးနဲ့လည်း ဆက်လက်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်၊ အဲ့ကိစ္စက အသေးစိတ် ကျနော်လည်း မပြောတတ်ဘူး၊ သူ့ process တွေလည်း မပြောတတ်ဘူး၊ ဒါပေမယ့် ခုနပြောတာ ညှိနှိုင်းဆောင် ရွက်မှုရှိတာတော့ ဒါသေချာပါတယ်။”

CDM လုပ်ထားတဲ့ ဆရာဝန်နှစ်ဦးနဲ့ သူနာပြု ၄ ဦးတို့ကို တရားစွဲဆိုသွားမယ့်ကိစ္စပတ်သက်လို့အသေးစိတ်အခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါဘူး။

နိုဝင်ဘာ ၂၂ ရက် မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဘုရားကျောင်းအနီးလမ်းများနဲ့ ဘုရားကျောင်းပရဝှဏ်တစ်ခုလုံး စစ်အင်အားဖြန့်ကျက်ထားပြီး ကျောင်းဆောင်တွေ အားလုံး တစ်ခန်းဝင်တစ်ခန်းထွက် မွှေနှောက်ရှာဖွေမှု လုပ်ပြီး ပစ္စည်းတချို့ ငွေကြေားယူဆောင်သွားတယ်လို့ ပြောပါတယ်။ စစ်ကောင်စီကတော့ လိုင်စင်မဲ့မော်တော်ယာဉ်လေးစင်းတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ဆေးဝါးနဲ့ လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ရှာဖွေတာလို့ ဘုရားကျောင်းတာဝန်ရှိသူက အခုလို ပြောပါတယ်။

“ဒလန်ကြောင့်ပေ့ါနော်၊ ဒလန်ရဲ့ သတင်းပေးချက်အရ သူတို့ PDF တွေကို လာ ရှာ ချင်တယ်ထင်တယ်လေ.. နော်။ PDF တွေကို လာရှာချင်တယ်၊ ကျောင်းဝင်း ထဲမှာ လက်နက်တွေရှိမလားပေ့ါ၊ သူတို့သတင်းပေးချက်အရတော့ ဒီကနေပြီးမှ လက်နက်တွေ အများကြီးရှိတာပေ့ါ၊ ဖွက်ထားတာပေါ့၊ ဒီကနေပြီးတော့မှပဲ သူထောက်ပံ့ပေးနေတယ်ပေါ့၊ ဆေးဝါးဆိုလည်း ဒီကနေပဲ ထောက်ပံ့နေတယ်၊ လက်နက်ဆို ဒီကနေပဲ ထောက်ပံ့တယ်၊ အဲ့ဒီရည်ရွယ်ချက်နဲ့ သူတို့လာတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့်လည်း သူတို့ သတင်းရထားသလို ဒီကျောင်းဝင်ထဲမှာ ဘာတခုမှ မရသွားပါဘူး၊ ကျနော်တို့လည်း ဒီဟာတွေ တခုမှ မရှိပါဘူး။”

ကတ်သလစ်သာသနာဦးစီးဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းဟာ ၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ကတည်းက တရားဝင်လိုင်စင်ရရှိထားတဲ့ ဆေးခန်းတခုဖြစ်သလို ပြည်သူလူထုတွေ ကူညီကုသပေးနေတဲ့ ဆေးခန်းတခုဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီက စီးနင်းထားတဲ့အခြေအနေကြောင့် ဒီဂရုဏာဆေးခန်းကို ယာယီပိတ်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူလူတွေ အခက်အခဲအများကြီး ဖြစ်သွားနိုင်တယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ဆရာမတို့ဘာသာက ဒီဟာက လုပ်လာတာ အနှစ်၂၀ ကျော်လည်း ရှိနေပြီ။ နောက်ဒီးမော့ဆို၊ ဖရူဆိုစစ်ရှောင်နေရတဲ့ လူတွေ အကုန်လုံးက အဲ့ဒီမှာပဲ အားကိုးရထားရ ပြုပြီးတော့မှ ဆေးရုံလိုမျိုးပေါ့နော်၊ ဒီနေရာတခုပဲ ရှိတာပေါ့၊ အခုဆိုတော့ သူမရှိတော့တဲ့အခါကျတော့ ဆရာမတို့ ပြည်သူအနေနဲ့ကတော့ တအားကြီးနဲ့ အခက်အခဲတွေ အများကြီး ဆရာမတို့ရဲ့ ပြည်သူလူထုဘဝက တော်တော်လေး အားကိုးရာမဲ့သွားတာပေါ့နော်။”

ပရဟိတလုပ်ငန်း အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ လူသားအကျိုးပြုလုပ်ငန်း လုပ်ဆောင်သူတွေဟာ ရန်သူမဟုတ်သလို အကြမ်းဖက်သမားလည်း မဟုတ်တာကြောင့် ဒီလိုမျိုး အနုကြမ်းစီးနင်းတာမျိုးကို ရှုတ်ချတယ်လို့ဘုရားကျောင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


--------------

{{Unicode}}

















#MyanmarMiltiaryCoup #MyanmarViolence #CDMHealth #VOABurmese


--------------

XS
SM
MD
LG