သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်က နောက်ထပ် ဒုက္ခသည်ထောင်ချီ တိမ်းရှောင်


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို ဒီတစ်ပတ်အတွင်း ကယားပြည်နယ်က စစ်ပြေးဒုက္ခသည် ၂ထောင်လောက် ထပ်မံ တိုးမြင့်လာကြောင်းစစ်ရှောင်အရေးကူညီသူက ပြောပါတယ်။ ဆီဆိုင်မြို့နယ်မှာ လောလောဆည်မှာ စစ်ပြေးဒုက္ခသည် ၇ထောင်လောက်ရှိနေပြီး စားနပ်ရိက္ခာအပြင် ဆေးဝါးတွေ လိုအပ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုရဲမွန်က ပြောပြပါမယ်။

ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်ဘက်ကို လွန်ခဲ့တဲ့နှစ်တည်းက တိမ်းရှောင်နေခဲ့ကြတာပါ။ ဒီရက်ပိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကြီး ပစ်ခတ်တာတွေကြောင့် လွိုင်ကော်မြို့နယ်မှ ဒေသခံ ၂ထောင်လောက် ထပ်မံထွက်ပြေးလာကြောင်း စစ်ရှောင်အရေး ကူညီသူတစ်ဦးက VOA ကို ပြောပါတယ်။

“ ဒီတစ်ပတ်အတော်အတွင်း ၂ထောင်ဝန်းကျင်လောက်အသစ်ရောက်တာရှိတယ်။ အရင်က အဟောင်းက ၆ထောင် ဝန်းကျင်လောက်ရှိသေးတယ်။ အခုအသစ်က ၂ထောင်ဝန်းကျင်လောက် ထပ်ရောက်တာဆိုရင်တော့ မရှိဘူးဆို ၈ထောင် ရှိတာပေါ့။ လွိုင်ကော်ပဲဗျ။ ကုန်းဆွတ်။ လယ်ထွဲ၊ ပဒတ်ကြီး၊ ကျောက်ကြီး၊ ကျောက်ကုန်း၊ လွယ်လင်ဘက်ပေါ့လေ။ လွိုင်လင်လေးဘက်လေ အဲဒီအုပ်စုတွေက လက်နက်ကြီး သူတို့ ဆီမှာ ကျ ကျလာလို့ တချို့အိမ်တွေ မီးပါတာပေါ့။ တချို့အိမ်တွေကတော့ လက်နက်စင်ပြီးတော့ ပျက်တဲ့ဟာရှိတယ်။ ကုန်းဆွတ်ဆို အိမ် ၂လုံးလောက်ပါသွားတယ် မီးလောင်သွားတယ်။ ကျန်တဲ့ဟာတော့ ၇လုံးလောက်။ ၈လုံးလောက် ပျက်ဆီးသွားတယ်။ သူတို့ ပြောတာ တိုက်ပွဲဖြစ်တယ်ဆို ရှောင်လို့ လွယ်တယ်၊ ဘေးနားမှာ တိုက်ပွဲလည်း မဖြစ်ပဲ လက်နက်ကြီးလည်း ကျ ကျလာတော့၊ ဘယ်အချိန်ကျလာမှန်း မသိဘူး ကြောက်နေရတယ်တဲ့။ အဲဒါ မနေရဲကြဘူး ထွက်ပြေးကြတာတဲ့။”

ဆီဆိုင်မြို့နယ်အတွင်းရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ရောက်ရှိပြီး တစ်နှစ်ကျော်ကြာလာတဲ့အခါ အလှုရှင်တွေ နည်းပါးလာတာကြောင့် ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ဒုက္ခသည်အသစ်တွေ ထပ်မံရောက်လာတာကြောင့် အလှုရှင်တွေ ပိုမို လိုအပ်လာနေကြောင်း စစ်ရှောင်အရေးကူညီသူက ဆက်ပြောပါတယ်။

“ တချို့မိသားစုတွေ အခက်အခဲရှိတယ်။ လူဦးရေက အရမ်းများတဲ့အခါကျ လုံလောက်မှုမရှိဘူးလေ။ ရိက္ခာကတော့ အခုတောင်မှ အသစ်ရောက်လာတဲ့သူ တစ်ပတ်ကျော်ရှိပြီ။ ဘုန်းကြီးကျောင်း အဲဒီစာသင်တိုက်က ဆရာတော်ကနေပြီးတော့ နည်းနည်းကူထားတာရှိတယ်။ ကျနော်တို့လည်း နည်းနည်းကူထားတာရှိတယ်။ လုံး၀ မရတဲ့ မိသားစုတွေလည်း ရှိတယ်။ ကျနော်တို့ မပေးနိုင်သေးဘူးပေါ့။ ပေးနိုင်ဖို့တော့ ကျနော်တို့ကြိုးစားနေတယ်။ ဒီလ မကုန်ခင် ကြိုးစားနေတယ်။ သို့သော်လည်းပဲ မလောက် လောက်ဘူး။ ကျနော်တို့ ရတဲ့ဟာနဲ့လေ။ မလောက် လောက်ဘူး နောက်ထပ်အလှုရှင်တွေ အများကြီး လိုအပ်နေတယ်။ အခုကလည်း ရာသီပြောင်းဆိုတော့လေ နှာစေး၊ ချောင်းဆိုးတာတွေ တော်တော်များများဖြစ်တယ်။ ဆေးဝါးကိစ္စလည်းပေါ့ လုံလုံလောက်လောက်မရှိဘူးပေါ့။ ”

အခြားလိုအပ်ချက်တွေကတော့ နေထိုင်ခင်း အမိုးအကာနဲ့ အနွေးထည်တွေ လိုအပ်နေကြောင်း ပြောပါတယ်။ စစ်ရှောင်တစ်ဦးကတော့ စားနပ်ရိက္ခာ မလုံလောက်တာကြောင့် ပြင်ပမှာ ရှာဖွေ စားသောက်မယ်ဆိုရင်လည်း ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးကြောင်း အခုလို ပြောပါတယ်။

“ နေလာတဲ့ကာလ ကြုံတဲ့အခက်အခဲက ဒီ စားဝတ်နေရေး အခက်တစ်ခုပဲလေ။ တစ်ခါတစ်လေ လောက်တယ်။ တစ်ခါတစ်လေမလောက်ဘူး။ အဲလိုမျိုးဖြစ်တယ်။ အလုပ်လုပ်ဖို့ကတော့ သူတို့ ဒီ ရွာထဲက လူတွေ လာခေါ်မှ သွားရတာကိုး။ သူတို့ လာမခေါ်ရင်လည်း ဒီတိုင်းပဲ နေရတာလေ။ အလုပ်က ပြောင်းဖူးချိုးပြီးပြီဆို ပြီးသွားပြီဆို ဘာမှ အလုပ်အကိုင်မှ မရှိတော့ဘူး။ ”

ကယားခေါ် ကရင်နီပြည်နယ် အခြေစိုက် Kantarawaddy Times သတင်းဌာနကတော့ နိုဝင်ဘာလ ၁ရက်ကနေ ၁၅ရက်နေ့အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နေအိမ် ၅၀ကျော် ပျက်ဆီး၊ လူ ၂၈ယောက် ထိခိုက်ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်အတွင်း ဒီလိုအရပ်သားတွေ ထိခိုက်တာနဲ့ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Unicode









XS
SM
MD
LG