သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယား၊ ဖရူဆိုမြို့ဝန်းကျင်မှာ ၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ


ဇွန်လ ၁၀ နေ့ကစပြီး တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ ဒေါညေးခူနဲ့ထီးပေါ်ဆိုကျေးရွာများ။ (ဓာတ်ပုံ-MIMU)
ဇွန်လ ၁၀ နေ့ကစပြီး တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ ဒေါညေးခူနဲ့ထီးပေါ်ဆိုကျေးရွာများ။ (ဓာတ်ပုံ-MIMU)


[[Zawgyi/Unicode]]

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာ၊ ထီးပေါ့ဆိုကျေးရွာတဝိုက်မှာ ဒီနေ့ ဇွန်လ ၁၅ ရက်အထိ ၆ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲကြောင့် ကယားပြည်နယ်မှာ တနေ့တခြား စစ်ပြေးဒုက္ခသည် အရေအတွက်တွေ မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသလို စားနပ်ရိက္ခာပြတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ကူညီပေးသူက ပြောပါတယ်။ ဒါ့အပြင် မနေ့က တိုက်ပွဲမရှိတဲ့ ဒီးမော့ဆိုမြို့ အနောက်ခြမ်းဘက်မှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကြောင်းရေးလှုပ်ရှားမှုကြောင့် ဖရူဆိုမြို့နယ် ဒေါးညေခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာတွေဘက်မှာ ဇွန်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ထန်းပြင်ခဲ့ပြီး ဒီနေ့ ဇွန်လ ၁၅ ရက်အထိ ၆ ရက်ဆက်တိုက် ဖြစ်ပွားနေပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီက ပြောပါတယ်။

“ရက်တိုင်းတော့ တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ မနေ့ကအထိ ဒီရက်လည်း ဖြစ်နေတုန်းပဲပေါ့။ ဖရူဆိုမြို့နယ်မှာရှိတဲ့ ဒေါးညေခူတို့ ထီးပေါ့ဆိုတို့ပေါ့နော်။ အဲဒီဘက် မှာ တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ လက်နက်ကြီးတွေထုလာတာတို့ပေါ့နော်။ ဥပမာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲမှာ ပစ်လာတဲ့ဟာတွေတော့ မနေ့ကအထိ ရှိတယ်ပေါ့နော်။ သူတို့က ဒီလိုမျိုးပေါ့ ပစ်ချင်တဲ့ဘက်ကို လိုက်ပစ် တာပေါ့နော်။ လိုက်ပစ်နေတယ်၊ ဘာရည်ရွယ်ချက်လည်း မသိဘူး။ ပြည်သူလူထုကို ခြောက်လှန့်တာတော့ မပြောတတ်ဘူးပေါ့နော်။ နေ့တိုင်းလိုလိုပေါ့ မနေ့ကရော ဒီနေ့ရော ခုနကရောပေါ့နော် ပစ်ခတ်နေတာတော့ရှိတယ်။”

စစ်ကောင်စီဘက် လက်နက်ကြီးတွေနဲ့ အဆမတန် အသုံးပြုပြီး PDF တွေ ရှိတယ် ဆိုတဲ့အထင်နဲ့ ဦးတည်ရာမရှိ ပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်ဘက် စစ်ကောင်စီရဲ့ စစ်ကြောင်းလှုပ်ရှားမှုကြောင့် ဒီနေ့အထိ ရက် ဆက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။

ဒါ့အပြင်မနေ့က တိုက်ပွဲမရှိဘဲ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ ၃နှစ် ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်ကော်မတီနဲ့ ဒေသခံက ပြောပါတယ်။ ဒါအပြင့် ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်က ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာ အုပ်စု ငရိုးရွာမှာ လက်နက်ကြီးကျလို့ ဒေသခံ တဦးသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက် ရမ်းသမ်းပစ်ခတ်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ လက်နက်ကြီးကျတာ တိုက်ပွဲထဲမှာတော့ မဟုတ်ဘူး။ အရပ်သားထိတဲ့ဟာကျတော့ စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းထုတဲ့ဟာနဲ့ ကျနော်တို့ အရပ်သားတဦး ၂ ဦးလာမသိဘူး ဒဏ်ရာရတာရှိတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး အဲ့နေရာကျတော့။”

ဒီးမော့ဆိုမြို့နယ်မှာလည်း အခုရက်ပိုင်း နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ဒေသခံတွေ အရင်တည်းက ပြေးရှောင်နေကြလို့ အထိအခိုက်မရှိဘူးလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

ကယားနယ်ဘက်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လတ်တလောတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တနေ့တခြား မြင့်တက်နေတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကော်မတီက ပြောပါတယ်။ လက်ရှိမှာ စစ်ပြေးဒုက္ခသည် ၂ သိန်းလောက်ရှိနေပြီး ဘေးကင်းတဲ့နေရာတွေမှာ ဖြန်ကျက်နေထိုင်နေကြပြီး စားနပ်ရိက္ခာ ပြတ်လတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ ပြောပါတယ်။

“ကျမတို့ စစ်ရှောင်တွေကတော့ တိုးဆဲပဲပေါ့နော်။ တိုးဆဲပဲ။ ဒါပေမယ့် မြို့ထဲမှာ တချို့ပြန်နေတာရှိတယ်ပေါ့နော်။ (စစ်ရှောင်တွေ) ကျန်းမာရေးပေါ့နော်။ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း လက်လှမ်းမီရရှိမှု အရမ်းလည်း အားနည်းတယ်ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကျမတို့ စားနပ်ရိက္ခာတွေလည်း လုံးဝမလုံလောက်ဘူး။ ရှောင်နေရတဲ့ လူဦးရေကတော့ ၁ သိန်းခွဲ နဲ့ ၂ သိန်းကြားပေါ့နော် - အဲ့လောက်တော့ ရှိတယ်။ ဟုတ်။ စားနပ်ရိက္ခာတော့ ဘယ်လိုမှ မလောက်ငနိုင်ဘူးပေါ့။ ဒီကျမတို့ စစ်ရှောင်ဦးရေတွေ အရမ်းများတယ်။ နောက်ပိုင်းမှာ အလှူရှင်တွေကလည်း သိပ်ပြီးတော့မှပေါ့နော် အခုဆိုရင် မရှိတော့ဘူးပေ့ါ။ အဲ့တော့ တလ တလစာဆိုရင် သူတို့ စားဝတ်နေရေး သူတို့အရမ်းစိတ်ပူရတယ်။ ကျမတို့တော့ တတ်နိုင်သလောက် ကူညီဖြေရှင်းတာတော့ ရှိတယ်ပေါ့။ ဒါပေမယ့် လုံလောက်မှုမရှိဘူး။”

စစ်ပြေးဒုက္ခသည်တွေဟာ ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးရောဂါဖြစ်တဲ့သူတွေ ရှိနေပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ပြေးဒုက္ခသည်တွေအတွက် လက်ရှိချိန်မှာ အလှူရှင်တွေ မရှိသလောက်ဖြစ်သွားလို့ ပိုမိုခက်ခဲနေကြတာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

==============


[[Zawgyi/Unicode]]















==============

XS
SM
MD
LG