[[Zawgyi/Unicode]]
စစ်ရေးတင်းမာနေတဲ့ကရင်ပြည်နယ် ဖာပွန်မြို့နယ်ဘက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ဇန္နဝါရီ (၃) ရက်နေ့မှာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဇန္နဝါရီ (၄) ရက် မနက် အစောပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တယ်လို့ KNU နဲ့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့ လုံခြုံရေးယူထားတဲ့စခန်းကို KNU ဘက်က လာပစ်တာလို့ ဆိုပါတယ်။ ကရင်ပြည်နယ်ဘက် စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ဘက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) တပ်ဖွဲ့နဲ့ စစ်ကောင် စီ တပ်တွေကြား ဇန္နဝါရီ (၃) ရက်ညပိုင်းနဲ့ ဇန္နဝါရီ (၄) ရက်မနက်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ (၅) ပြောခွင့် ရ ဗိုလ်မှူးစောကလယ်ဒိုက ပြောပါတယ်။
“(၃) ရက်နေ့ နေ့လယ်မှာပေါ့။ အဲဒီ ဘီးလင်းချောင်းကမ်းနဖူးမှာပဲပေါ့။ အဲဒီ လက်ပံဝပေါ့။ အဲဒီမှာ တိုက်ပွဲဖြစ်တာပေါ့လေ။ ဒီ (၃) ရက်နေ့ နေ့လယ်မှာပေါ့နော်။ ဒီမြေပြင်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းပေါ့။ ညသန်းခေါင် ကျော် (၁) နာရီမှာ (၄) ရက်နေ့ စပ်ကူးရောက်ပြီပေါ့နော်။ အဲဒီမှာ စစ်လေယာဉ်များလာပြီးတော့ ပစ်ခတ် သွားတာပေါ့နော်။ အဲဒီ လယ်ထိဖိုးမှာပေါ့နော်။ လာပြီးပစ်ခတ်သွားတယ်။ ဂျက်တိုက်လေယာဉ်နှစ်စီး လာတယ်။ လာပြီးပစ်ခတ်သွားတယ်။ အိမ်ခြေကတော့ (၆) လုံး ပျက်စီးသွားတယ်လို့ အဲဒီမှာ သတင်းတင်ပြ တာတွေရှိတယ်။ ဒါပေမယ့် ရွာသူရွာသားတော့ ထိခိုက်ဒဏ်ရာရရှိမှုကမရှိဘူးပေါ့။”
ဇန္နဝါရီ (၃) ရက် ညပိုင်း ဖာပွန်မြို့နယ် လက်ပံဝဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တဆက်တည်း ဇန္နဝါရီ (၄) ရက် မနက်အစောပိုင်းမှာ လယ်ထိုဖိုးကျေးရွာဘက်ကို လေကြောင်းနဲ့ပစ်ခတ်သွားကြောင်း သူကပြောတာပါ။ ဒီတိုက်ခိုက်မှုအတွင်း လယ်ထိုဖိုးကျေးရွာရှိ ဝါးခါဒဲ ဆေးရုံ၊ တဒေါကူစာသင်ကျောင်းတွေလည်း ထိခိုက်မှု ရှိခဲ့တယ်လို့ ဖာပွန်ဒေသခံတဦးကပြောပါတယ်။
“အပေါ်ကနေပစ်တယ်ဆိုတော့ ဆေးရုံနဲ့စာသင်ကျောင်း နည်းနည်း ပေါက်ပြဲဒဏ်တော့ရှိတာပေါ့။ အခုကစာသင်ကျောင်းလား ဖက်နဲ့မိုးထားတာလေ။ ဖက်တွေပေါက်တာတွေ့တယ်။ ဟိုဆေးရုံမျက်နှာကျက်တွေကွာကျတာတွေ့တယ်။”
ဖာပွန်မြို့နယ်ဘက်တိုက်ပွဲအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းရာမှာ အခုလိုပြောပါတယ်။
“(၃) ရက်နေ့မှာတော့ (၁၁) နာရီလောက်မှာ ဖာပွန်က မာမောင်းလမ်းလုံခြုံရေးလုပ်နေတဲ့ အဖွဲ့တွေနဲ့ြ ဖြစ်တာတော့ရှိတယ်။ တပ်နဲ့တော့ဖြစ်တာမဟုတ်ဘူး။ ဒီဘက်မှာ BGF အဖွဲ့တွေနဲ့ တပ်မဟာ (၅) အဖွဲ့တွေနဲ့ဖြစ်တာရှိတယ်။ BGF အဖွဲ့က လမ်းလုံခြုံရေးယူထားတဲ့စခန်းပေါ့။ အဲဒီစခန်းကို လာရောက်ပစ်ခတ်တဲ့ဟာမျိုး ဖြစ်စဉ်မျိုးရှိတယ်။ ဖာပွန်ဘက်မှာ (၄) ရက်နေ့မနက် (၁၁) နာရီလောက်မှာကျနော်တို့ ခေါပုတ်စခန်းပေါ့။ စခန်းကိုလာပစ်တာတော့ရှိတယ်။ ကျနော်တို့ဆီကတော့ ဒဏ်ရာရရှိတဲ့စစ်သည်တချို့ရှိပါတယ်ဗျ။ ”
ဖာပွန်ခရိုင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၅) တပ်ဖွဲ့တွေကြား အစဉ်တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ဗိုလ်မှူးစောကလယ်ဒိုက ပြောပါတယ်။
“မူတြော် (ဖာပွန်) ခရိုင်အတွင်းမှာတော့ နေ့တိုင်းလိုလိုပေါ့လေ တပ်ဘက်နဲ့ ကျနော်တို့ဒေသခံ (၅) တပ်ဖွဲ့ကြားမှာ နေ့တိုင်းပဲ ပစ်ခတ်မှုရှိတယ်။ အထူးသဖြင့် ဖာပွန်နဲ့ ကမမောင်းကြားမှာရယ်။ နောက်ဒီ မဲဝိုင်အောက်ဘက်ပေါ့လေ။ အဲဒီဘက်မှာ ဘီးလင်းချောင်း။ နောက်ပြီးတော့ လူသောမြောက်ဘက်ပေါ့။ အဲဒီဘက်မှာလည်း နေ့စဉ်လိုလို တိုက်ပွဲဖြစ်တယ်။ နောက်ပြီးတော့ လူသိုမြို့နယ်ပေါ့လေ သံလွင်မြစ်ပေါ် ဒေသ နေ့တိုင်း တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်။”
တိုက်ပွဲဖြစ်ပွါးနေမှုနဲ့အတူ စစ်ရှောင်အရေအတွက်လည်း တိုးများလာနေတာပါ။ KNU တပ်မဟာ (၅) ဒေသဘက်မှာ စစ်ရှောင်ဦးရေ (၃) သောင်းနဲ့ စစ်မက်ဘေးစိုးရိမ်နေရသူဦးရေ (၅) သောင်းရှိနေတယ်လို့ သူကပြောပါတယ်။
စစ်ပြေးဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်နဲ့ နီးစပ်ရာဆွေမျိုးတွေရှိတဲ့ရွာတွေမှာ တိမ်းရှောင်နေရတာပါ။ သူတို့တတွေကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေကနေ ကူညီထောက်ပံ့နေတာဖြစ်ပြီး တခြားအဖွဲ့အစည်းအကူအညီတွေ မရသေးဘူးလို့ ဗိုလ်မှူးစောကလယ်ဒိုကပြောပါတယ်။
“သူတို့ရဲ့စားဝတ်နေရေးတွေတော့ ဒီမှာရှိတဲ့ဒေသ လူမှုအဖွဲ့အစည်းကနေပြီးတော့ ကူညီထောက်ပံ့ပါတယ်။ နောက် ဒီအပြင်ရောက်နေတဲ့တိုင်းရင်းသားတွေလည်းပဲ အကူညီထောက်ပံ့တာတွေလည်း ရှိတာပေါ့နော်။ ဒီ NGO ကူညီတာတော့ အခုထက်ထိတော့ မရှိသေးဘူးပေါ့နော်။”
ကရင်ပြည်နယ် ဖာပွန်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်ရိက္ခာပို့ဖို့အတွက် ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ ပက်သက်ပြီး ၂၀၁၈ ခုနှစ် မတ်လကစလို့ KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးပဋိပက္ခဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် (၂၀၂၁) ခုနှစ် မတ်လနဲ့ဧပြီလမှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ (၅) တပ်တွေကြားတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သောင်းနဲ့ချီ ပြည်တွင်းဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကေအဲန်ယူတပ်မဟာ (၅) နယ်မြေထဲ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်ထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း (၂,၆၉၂) ကြိမ် ဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်ဘက်က (၁,၃၆၄) ဦးသေဆုံးပြီး (၁,၃၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်ကနေ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်ထဲမှာသာမက တပ်မဟာ ၁ ထိန်းချုပ်တဲ့ သထုံခရိုင်၊ တပ်မဟာ ၃ ထိန်းချုပ်တဲ့ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ်တဲ့ ဒူးပလာယားခရိုင်တွေဘက်မှာ လည်း မြန်မာစစ်တပ်နဲ့ KNU တပ်တွေအကြား တိုက်ပွဲတွေရှိနေပါတယ်။
===============
[[Unicode]]
===============