သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဇဘဏ် ပုံမှန်အလုပ်လုပ်နိုင်ဟု ထုတ်ပြန်


ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလ ဖြစ်ပြီး ဘဏ်လုပ်ငန်းတွေ ဟာလည်း ပုံမှန် လည်ပတ် နေတယ်လို့ ကမ္ဘောဇဘဏ် အကြီးအကဲတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီရက်ပိုင်းတွေ အတွင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကမ္ဘောဇဘဏ်မှာ ငွေ အပ်နှံထားသူတွေကလည်း ငွေပြန်ထုတ်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘဏ်များအသင်းရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က အသေးစိတ်ကို တင်ပြထားပါတယ်။

အခုလက်ရှိ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ သတင်းတွေဟာ မမှန်သတင်းတွေ သက်သက်သာဖြစ်တယ် ဆိုပြီး ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌဦးသန်းလွင်က ဗွီအိုအေကို ပြောပါတယ်။

“ဘဏ်ကိစ္စကတော့ ဒီနေ့လည်း ရှင်းလင်းပွဲ လုပ်ပြီးပြီလေ။ ဒီနေ့ သတင်းစာရှင်းလင်းပွဲလေ။ မမှန်တဲ့သတင်းတွေ လိုက်ဖြန့်တဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူလူထုက ဘာလို့ယုံနေလဲ။ ဒါတွေဟာ သာမည နဲ့ အဓိက မခွဲတတ်လို့ လုပ်နေတယ်။ သတင်းကို အတင်းမလုပ်ဘဲနဲ့ သတင်းပဲ ရေးတာ ကောင်းတယ်လေ။ အဲဒီလိုပဲ ပြောလိုက်တာပဲ။ ပုဂ္ဂိုလ်ရေးအရ အတင်းဖြစ်နေတော့ ဒါတွေဟာ ဘာမှ အကျိုးမရှိဘူးလေ။ ပြည်သူလူထုလည်း အကျိုးမရှိဘူး။ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ ဒါ အန်ကယ်တို့ မဖြေရှင်းချင်ဘူးလေ။ မဟုတ်တဲ့သတင်း ဆိုတော့ မဖြေရှင်းချင်ဘူး။ ဟုတ်တယ် ဆိုရင်တော့ ဒါ ဖြေရှင်းလို့ ရတယ်။ မဟုတ်တဲ့သတင်းကျတော့ အန်ကယ်တို့ မရှင်းလင်းဘူး။ ဖြေလည်း မဖြေရှင်းဘူး။ ဒါပေမဲ့ ပြည်သူတွေက အမှန်သိရအောင် သတင်းစာရှင်းလင်းပွဲ လုပ်ပေးလိုက်တာ။”

ဒီလိုဟာမျိုးက အန်ကယ်တို့ ဘဏ်ကို ဘာဖြစ်လို့ ရွေးပြီးတော့မှ ဒီလိုမျိုး ဂယက်က ရိုက်လာတာလဲရှင့်။ ဘာကြောင့်မို့လို့ အန်ကယ်တို့ ထင်ပါလဲ။ -

“ဒါကတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါတွေက လုပ်ကြံမှု၊ မနာလိုတာလည်း ပါမယ်။ ပျက်စီးရာ ပျက်စီးကြောင်း ကြံတဲ့ဟာလည်း ပါမယ်။ ဘဏ်တခုတည်းကိုတော့ ဦးတည်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အန်ကယ်တို့က ဘဏ်အကြီးဆုံး ဖြစ်နေတာကိုး။ အဲဒီတော့ သတိထားရမှာကတော့ အများကြီးပေါ့လေနော်။ တွေးလိုက်ရင်တော့ အမျိုးမျိုး တွေးနိုင်တာပေါ့လေ။ ဒါပေမဲ့ ဘယ်ဟာဖြစ်တယ် ဘာညာ ဆိုတာကတော့ သက်ဆိုင်ရာက စုံစမ်းပါလိမ့်မယ်။ အန်ကယ်တို့က ကြိုပြီးတော့ မပြောချင်ဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ကမ္ဘောဇဘဏ်ရဲ့ အကြီးအကဲဖြစ်သူ ဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း အထိန်းသိမ်းခံရတယ် ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာလည်း မမှန်ကန်ကြောင်းနဲ့ အခုဆိုရင် သမ္မတဦးသိန်းစိန်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဦးသန်းလွင်က ပြောပါတယ်။

“သမ္မတခေါ်လို့ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ က သွားပြီးတော့ ဖွင့်ပွဲ အခမ်းအနားတွေ သွားတက်တယ်။ ခုနကပြောသလို သူ့ကို ဖမ်းသွားပြီဆိုတာ ဟုတ်မှမဟုတ်ဘဲ၊ နောက်ပြီးတော့ ဘဏ်ကြီး ပြိုလဲပြီဆိုတာ ဟုတ်မှမဟုတ်ဘဲ။ ဒါမျိုးတွေက မဟုတ်တဲ့သတင်းကိုတော့ အန်ကယ်တို့က မဖြေရှင်းချင်ဘူး။ အန်ကယ်တို့ ပြောပြီးပြီ။ customer တွေ ဘာမှ စိတ်ပူစရာ မရှိဘူး။ ဒါ ကောလာဟလ ဖြစ်တယ်။ မမှန်တဲ့ သတင်းပဲ ဖြစ်နေတယ် ဆိုတော့ စိတ်ချလက်ချတော့ ထားလို့ရတယ်။ ဘာမှ စိုးရိမ်ကြောင့်ကြစရာ အကြောင်း မရှိတဲ့အကြောင်း၊ ဗဟိုဘဏ်ကလည်း နောက်ကွယ်မှာ backing ပေးထားတယ် ဆိုတော့ စိတ်မချစရာ ဘာအကြောင်း ရှိလို့လဲ။ သူများနိုင်ငံမှာ ဒီလိုမှ မပေးဘဲ။ ဒီမှာက ပေးတယ်။ ပေးတယ်ဆိုကတည်း ကတော့ ပြီးနေပြီပဲလေ။ ပေးတယ် ဆိုကတည်းက ဘာဖြစ်နေဖြစ်နေ ဟိုက ကယ်မယ်ဆိုတဲ့သဘောမျိုး။ ဒါ rescue plan ပဲ ဒါက။ ပြီးနေပြီလေ။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ ဘာကြောင့် စိတ်ပူစရာ လိုလဲလို့။ အဲဒါပဲ အန်ကယ် ပြောတာပါ။ ဥက္ကဋ္ဌလည်း ရှိနေတယ်။ အခု ဒီနေ့ပဲ ကြည့်လေ၊ သမ္မတကြီးနဲ့ အတူတူ အစည်းအဝေးတွေ တက်နေကြတယ်လေ။”

ယခုရက်ပိုင်းတွေအတွင်း ပုဂ္ဂလိက ဘဏ်လောကနဲ့ပတ်သက်ပြီးတော့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေ သာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားခဲ့တယ်လို့ Eleven Media သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့ အခုလို သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အတွက် ရန်ကုန်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတွေမှာ သောကြာနေ့ ဘဏ်ပိတ်ချိန် ဖြစ်တဲ့အထိ ငွေအပ်နှံထားသူတွေက ထိတ်လန့်လာကြပြီး ဘဏ်အပေါ်မှာ မယုံကြည်မှုတွေ ဖြစ်လာလို့ ဘဏ်ထဲကနေ ငွေတွေကို အလုအယက် ထုတ်ယူနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
XS
SM
MD
LG