သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ် ရုရှားသင်္ဘောက ပျောက်ဆုံးသူတွေ ဆက်လက်ရှာဖွေဆဲ


ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေ နစ်မြုပ်သွားတဲ့ ငါးဖမ်းသင်္ဘော Dalniy Vostok ပေါ်က အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ဆောင်နေစဉ်။
ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေ နစ်မြုပ်သွားတဲ့ ငါးဖမ်းသင်္ဘော Dalniy Vostok ပေါ်က အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ဆောင်နေစဉ်။

ရုရှား ငါးဖမ်းသဘောၤ Dalniy Vostok နစ်မြုပ်မှုမှာ ပျောက်ဆုံးနေသူတွေကို ဆက်ပြီး ရှာဖွေနေကြပါတယ်။ တချိန်တည်းမှာပဲ သဘောၤနစ်မြုပ်ရာကနေ ကယ်ဆယ်ခဲ့သူတွေနဲ့ သေဆုံးသူတို့ရဲ့ရုပ်အလောင်းတွေကို သယ်ဆောင်လာတဲ့ ကယ်ဆယ်ရေးသဘောၤ ၂ စင်းတို့ဟာလည်း ရုရှားနိုင်ငံ ဆာခါလင်မြို့က ကောဆက်ဖ်ကော့ ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းလာနေပြီ ဖြစ်ပါတယ်။ ဒီသဘောၤပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာသဘောၤသား ၄၂ ဦးထဲက ၂၂ ဦးကို ကယ်ဆယ်ပြီး ဆေးဝါးကုသပေးနေပါတယ်။ ၁ ဦး သေဆုံးတယ်လို့ စာရင်းအတိအကျ ထုတ်ပြန်ထားပေမယ့် ကျန်တဲ့ ၁၉ ဦးကတော့ အခြေအနေ မသိရသေးဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မသိင်္ဂီထိုက်က စုံစမ်းတင်ပြပေးထားပါတယ်။

ပျောက်ဆုံးနေသူတွေထဲက တဦးဖြစ်တဲ့ ကိုကျော်နေမင်း ခေါ် ကိုနေမင်းထက်ရဲ့ မိခင် ဒေါ်သိန်းကျော့ဦးကတော့ ရှာဖွေနေဆဲ သားဖြစ်သူနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“ကျော်နေမင်း (ခေါ်) နေမင်းထက် ပါ။ နာမည်က နှစ်လုံးပါ။ ၁၁ လပိုင်း၊ ၂၀ ရက်နေ့က စတက်တာပါရှင်။ ၁ လပိုင်း တလလုံးလုံး ရပါတယ်ရှင့်။ တလပိုင်း တလလုံးလုံးရပြီးတော့မှ နှစ်လပိုင်း လဆန်းကနေ မရတော့ပါဘူးရှင့်။”

မေး။ ။ ကိုကျော်နေမင်းနဲ့ အန်တီ နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့အချိန်မှာရော ကိုကျော်နေမင်းက အလုပ်လုပ်ရတာနဲ့ပတ်သက်ပြီးတော့ အန်တီ့ကို ဘာတွေများ ပြောပါသေးလဲ။

ဖြေ။ ။ အလုပ်လုပ်ရတာကသူတို့က အေးလွန်းအားကြီးတယ်-တဲ့။ အလုပ်က မနက် ၈ နာရီမဟုတ်ဘူး၊ ၁၀ နာရီလောက်တော့ လုပ်ရတယ်လို့တော့ ပြောပါတယ်။

မေး။ ။ လခကရော သူတို့ ဘယ်လောက်ရပါလဲရှင့်။ ကိုကျော်နေမင်းတို့ သဘောၤလိုက်တဲ့ဟာမှာ။

ဖြေ။ ။ လစာက တလတခါ မရဘူး။ သုံးလမှ တခါရမယ်လို့ ပြောပါတယ်ရှင့်။ တလကို ဒေါ်လာ ၄၀၀ လို့ပြောပါတယ်။ ဒါပေမယ့်လို့ အခု ၂ လစာပဲ ကျမ ရပါသေးတယ်။ သုံးလပြည့်လို့ သွားထုတ်တော့ သူတို့က နှစ်လစာပဲရောက်သေးတယ်ဆိုပြီးတော့မှ ပထမ ပို့တဲ့ဟာဆိုပြီး ကိုးသောင်းပေးလိုက်ပါတယ်။ ၂၀ ရက်နေ့ကနေ လကုန်တဲ့အထိပေါ့နော်၊ ၁၁ လပိုင်း။ ပြီးရင် ၁၂ လပိုင်း၊ တလပိုင်းအတွက် လစာရောက်ပြီဆိုပြီးတော့မှ ကျမကို (၇) သိန်းနဲ့ (၅) သောင်းနဲ့ (၆) ထောင် တခါ ပေးပါတယ်။ ကျန်တဲ့လစာက နောက်လမှရလိမ့်မယ်လို့ ပြောပါတယ်။ ရောက်ရင် သူတို့ပေးမယ်လို့ ပြောပါတယ်။

မေး။ ။ သင်္ဘောမှောက်ပြီး အခြေအနေ ဘယ်လိုရှိတယ်ဆိုတဲ့နဲ့ ပတ်သက်ပြီးတော့ရော အန်တီတို့ ဘယ်လို ပုံစံနဲ့သိပါသလဲ။

ဖြေ။ ။ အကြောင်းမကြားပါဘူးရှင့်။ ကျမတို့ အခုဟာက အသက်ရှင်တဲ့ ကလေးလေးရဲ့ အမေအဖေတွေက ကျမဆီကို ဖုန်းဆက်လာပါတယ်။ ဖုန်းဆက်လာတော့ အဲဒီအချိန်မှ ကျမတို့ သိရတာပါ။ ၂ ရက်နေ့ နေ့လည်လောက်မှ ကျမဖုန်းဆက်တော့ ကျမလည်း စာစောင်တို့၊ သတင်းတို့ မဖတ်ဘူး၊ မအားပါဘူး။အိမ်မှာ အလုပ်လုပ်တော့၊ အဲဒါနဲ့ သူတို့ပြောမှ သိရတာပါ။ သူတို့ပြောလို့ သိရတဲ့အချိန်မှာ ကျမ ကုမ္ပဏီကိုလိုက်သွားပါတယ်။ လိုက်သွားတော့ ကုမ္ပဏီက ပိတ်ထားပြီ။ ပထမ မနက်ပိုင်း ခနဖွင့်တယ်လို့ ပြောပါတယ်။ အဲဒီက ဦးစိုးသိန်းကမရှိဘူး။ ကျမတို့သွားတဲ့အချိန်မှာ တံခါးပိတ်ထားတယ်။ ဖုန်းဆက်တော့လည်း ဦးစိုးသိန်းဖုန်းကတော့ ပိတ်ထားတယ်။ ရုံးက စာရေးလေးဖုန်းကိုရပါတယ်။ ဒါပေမယ့် သူတို့ကလည်း အတိအကျ မသိဘူးဆိုတော့ ခနလေးဖုန်းကိုင်ပြီးတော့မှ ‘အန်တီရယ်၊ နောက်မှ သိရမှ ကျနော်တို့ ဖုန်းဆက်ပါမယ်’ဆိုပြီး ပြောပါတယ်။ ပြီးတော့ အခုလည်း သူတို့ဆက်လာတာမဟုတ်ဘူး၊ ကျမပဲပြန်ဆက်ဆက်ပြီးတော့မှ မေးတာပါ။ နောက် မနေ့ကကျတော့ အဲဒီ စာရေးလေးက ဆက်ပါတယ်။ ပြီးတော့ ဦးစိုးသိမ်းကို ပြန်ကိုင်ခိုင်းပါတယ်။ ကျော်နေမင်းက အသေအချာ ပြောလို့မရတဲ့အထဲမှာ ပါနေပါတယ်ပေါ့၊ အဲလို ပြောပါတယ်။ ကျန်တဲ့လူတွေက ၂၂ ယောက်ကတော့ ရှင်တဲ့လူတွေစာရင်းကတော့ အတိအကျရတယ်။ နောက် ၁၉ ယောက် ပျောက်နေတဲ့အထဲမှာ သားကြီးပါတယ်လို့တော့ ပြောပါတယ်။

အခု ရုရှားငါးဖမ်းသဘောၤ Dalniy Vostok မှာ လိုက်ပါအလုပ်လုပ်ခဲ့ကြသူ မြန်မာနိုင်ငံသားသဘောၤသားတွေရဲ့ လခက တလကို ဒေါ်လာ ၄ဝဝ၊ မြန်မာငွေ ကျပ် ၄ သိန်းကျော် ဖြစ်တယ်လို့လည်း ဒေါ်သိန်းကျော့ဦးက ပြောပါတယ်။ သဘောၤနစ်မြုပ်တာမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်သူ ၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ၂၂ ဦးပါရှိပါတယ်။ သေဆုံးသူ ၅၆ ဦးတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ဆယ်ယူရရှိထားပြီး ၁၃ ဦးတို့ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ အခု သဘောၤနစ်မြုပ်မှုကနေ ကယ်ဆယ်လာတဲ့ သဘောၤနှစ်စင်းတို့ ဆိုက်ကပ်လာမယ့် ဆာခါလင်မြို့က ရုရှား အာဏာပိုင်တို့နဲ့ ကြိုတင် ဆက်သွယ်ထားပြီး မြန်မာ သဘောၤသားတွေအတွက် အကူအညီပေးဖို့ ဆောင်ရွက်ထားတယ်လို့ သံရုံးက ရေးသားဖော်ပြ ထားပါတယ်။ ရုရှားငါးဖမ်းသဘောၤ Dalniy Vostok ရဲ့ပိုင်ရှင် ကုမ္ပဏီ Mdgallan နဲ့လည်း ညှှိနှိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။ ရုရှားငါးဖမ်းသဘောၤ Dalniy Vostok ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းကမ်းလွန်ပင်လယ်ပြင် Okhotsh ပင်လယ်ပြင်မှာ ကြာသပတေးနေ့ မနက်အစောပိုင်းက နစ်မြုပ်ခဲ့တာဖြစ်ပါ တယ်။ ငါးဖမ်းသဘောၤ နစ်မြုပ်မှုနဲ့ပတ်သက်ပြီး ရုရှားအာဏာပိုင်တို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆို ထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် သဘောၤဟာ ၁၅ မိနစ်အတွင်း နစ်မြုပ်ခဲ့တာ ဖြစ်ပြီး ပင်လယ်ထဲမှာမြောနေတဲ့ ရေခဲတုံးနဲ့ဝင်တိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောဆိုပါတယ်ရှင်။

XS
SM
MD
LG