သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာမြို့တော် တိုက်ခိုက်ခံရမှု အရပ်သား၁၄ ဦးသေဆုံး


ကင်ညာနိုင်ငံ နိုင်ရူဘီမြို့တော်က ဟိုတယ်တခုနဲ့ ရုံးတွေရှိရာနေရာကို စီးနင်းတိုက်ခိုက်မှု အဆုံးသတ်ပြီဖြစ်ကြောင်း သမ္မတ Uhuru Kenyatta ကကြေညာလိုက်ပါတယ်။ DusitD2 ဟိုတယ်ဝန်းထဲက တိုက်ခိုက်မှုမှာ အရပ်သား ၁၄ ဦး သေဆုံးပြီး၊ ၇၀၀ လောက်ကို လုံခြုံရေးတပ်ဖဲ့ွဝင်တွေ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဒီနေ့အစောပိုင်း နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတက ပြောဆိုခဲ့တာပါ။

တိုက်ခိုက်မှုမှာ ပါဝင်သူတွေကို အကြမ်းဖက်သမားတွေအဖြစ် သမ္မတက ရည်ညွှန်းသုံးနှုန်းပြီး၊ အားလုံးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမေရိကန်နိုင်ငံသားတဦး ပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့ပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်မပြောပါဘူး။ တိုက်ခိုက်မှုအတွင်း ဗြိတိန်နိုင်ငံသားတဦး သေဆုံးေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မနေ့မွန်းလွဲပိုင်းက ဘဏ်တခုရှေ့က ပေါက်ကွဲမှုနဲ့ ဟိုတယ်ဧည့်ခန်းမထဲက အသေခံဗုံးဖောက်ခွဲမှုတွေနဲ့ စတင်ခဲ့တဲ့ တိုက်ခိုက်မှုကိုတော့ al-Shabab စစ်သွေးကြွအဖွဲ့က သူတို့လက်ချက်အဖြစ် ကြေညာခဲ့တာပါ။ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုမှာတော့ သေနတ်သမား ၄ ဦးကို ကားရပ်နားရာ နေရာကနေ ဖြတ်လျှောက်လာပြီး၊ သူတို့ထဲက အနည်းဆုံး တယောက်က စတင်ပစ်ခတ်တာကိုလည်း တွေ့ရပါတယ်။

ဒီနောက်မှာတော့ ရုံးနဲ့ဟိုတယ် ဝန်ထမ်းတွေ၊ ဧည့်သည်တွေဟာလည်း ထိတ်လန့်တကြား အဆောက်အဦးတွေထဲက ထွက်ပြေးကြသလို၊ ပြတင်းပေါက်တွေကနေ တွယ်ဆင်းသူတွေ ရှိသလို၊ ပစ်ခတ်မှုတွေကြားမှာ ရဲကားတွေနဲ့ ရနိုင်သမျှ အကာအကွယ်တွေနောက် ပုန်းအောင်းသူတွေလည်း ရှိခဲ့ပါတယ်။ စားသောက်ဆိုင် တခုထဲမှာ ဆိုရင်လည်း စားပွဲတွေမှာ စားလက်စတန်းလန်းနဲ့ သေဆုံးဒဏ်ရာရသူတွေကိုလည်း ဝင်ရောက်ရှင်းလင်းတဲ့ ရဲတွေက တွေ့ခဲ့ကြရတာပါ။ မျက်မြင်တွေ့သူ တချို့လည်း ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ကြမ်းပေါ်မှာ တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG