သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာ အကြမ်းဖက် တိုက်ခိုက်မှု သေဆုံးသူ မြင့်တက်


အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရသည့် Westgate ကုန်တိုက်အတွင်း ပိတ်မိနေကြသည့် ပြည်သူများ။
အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရသည့် Westgate ကုန်တိုက်အတွင်း ပိတ်မိနေကြသည့် ပြည်သူများ။
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ထဲက ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ အရောင်းစင်တာကို လက်နက်အမြောက်အများ ကိုင်ဆောင်ထားတဲ့ သေနတ်သမားတွေက ဝင်ရောက် စီးနင်း ပစ်ခတ်တဲ့အတွက် လူပေါင်း ၄၀ လောက် သေဆုံးခဲ့တယ်လို့ ကင်ညာသမ္မတက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၅၀ လောက်လည်း ဒဏ်ရာရသွားပါတယ်။ ဆိုမာလီ အကြမ်းဖက်အုပ်စု တခုဖြစ်တဲ့ al-Shabab အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဆိုပြီး ပြောပါတယ်။ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာပဲ မနေ့က စနေနေ့မှာ သမ္မတ အူဟူရူ ကန်ယတ်တ (Uhuru Kenyatta) က အခုလို ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သတ်ပြီး တိုင်းပြည်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတက ပြောဆိုပြီး ကင်ညာ ပြည်သူတွေ အနေနဲ့ အကြမ်းဖက်သမားတွေရဲ့ ဒီခြိမ်းခြောက်မှုအပေါ် ရင်ဆိုင်နိုင်တဲ့ စည်းလုံးညီညွတ်မှု အတွက် ချီးကျူးပြောဆိုပါတယ်။

သမ္မတက Kenyatta က ဒီသူရဲဘောကြောင်သူတွေကို မိအောင်ရှာပြီး တရားဥပဒေအရ အရေးယူမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း တိုင်းပြည်ရဲ့ ပြည်တွင်းပြည်ပက တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ အဆင့်သင့်ရှိနေကြောင်းလည်း ပြောပါတယ်။

မကြာခဏ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်တိုက်ခိုက်လေ့ရှိတဲ့ al-Shabab အဖွဲ့ဝင် စစ်သွေးကြွတွေကို ချေမှုန်းဖို့ ကင်ညာတပ်ဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဆိုမာလီယာ နိုင်ငံအတွင်း ဝင်ရောက်ခဲ့ဖူးပါတယ်။

နိုင်ငံမြိုေတော်မှာရှိတဲ့ကုန်တိုက်အတွင်း လူစည်ကားတဲ့အချိန်မှာ သေနတ်သမားတွေဟာ လက်ပစ်ဗုံးတွေ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်အချို့ ဒဏ်ရာရခဲ့တဲ့အပြင် ပြင်သစ်နိုင်ငံသား ၂ ဦးလည်း သေဆုံးခဲ့တဲ့အကြောင်း ပြင်သစ်ဘက်က ပြောပါတယ်ခင်ဗျာ။
XS
SM
MD
LG