နယ်သာလန်နိုင်ငံ The Hague မြို့တော်က ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ သူ့ရဲ့ အမှုကြားနာနေစဉ် ကာလအတွင်း နိုင်ငံ့အာဏာကို ဒုတိယသမ္မတကို လွဲှပြောင်းပေးအပ်ထားမယ်လို့ ကင်ညာသမ္မတ Uhuru Kenyatta က ပြောပါတယ်။
မစ္စတာ Kenyatta ဟာ အငြင်းပွားစရာ၂၀၀၇ သမ္မတ ရွေးကောက်ပွဲနောက် ဆက်ဖြစ်လာခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်စုအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်အောင် စီစဉ်ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး လူသတ်မှု အပါအဝင် စွဲချက် ၅ ခုနဲ့ ရင်ဆိုင်နေရပါတယ်။
သူ့အမှုကြားနာဖို့အတွက် အင်္ဂါနေ့နဲ့ ဗုဒဟူးနေ့တွေမှာ ရုံးတော်ကို လာရောက်ဖို့ ICC ရဲ့ ဆင့်ခေါ်ချက်ကို အလေးထားပြီး လိုက်နာပါ့မယ်လို့ ကင်ညာသမ္မတက နိုင်ရိုဘီမြို့တော်မှာ လွှတ်တော်ကို ဒီကနေ့ပဲ မိန့်ခွန်းပြောသွားပါတယ်။
သူနိုင်ငံမှာမရှိတုန်း ဒုသမ္မတဖြစ်သူ William Ruto ဟာ ယာယီသမ္မတအဖြစ်နဲ့ တာဝန်ယူလိမ့်မယ်လို့ သူက ပြောပါတယ်။ မစ္စတာ Kenyatta ရဲ့ တရားခွင်ကို ဖေဖော်ဝါရီလမှာ စတင်ဖို့ အရင်က စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ICC တရားရုံး ရှေ့နေ Fatou Bensouda က သူ တောင်းထားတဲ့ အဓိက စာရွက်စာတမ်းတွေကို ကင်ညာအစိုးရက မပေးအပ်လာဘူးလို့ပြောပြီး၊ သူ့တရားခွင်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။