သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ


ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသေအချာပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

ဆီးရီးယားသမ္မတ အာဆတ်အစိုးရဟာ အရပ်သားတွေကို ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ လုံးဝ သံသယမရှိအောင်ကို ကျိန်းသေတယ်လို့ မစ္စတာ ကယ်ရီ က အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ ထွက်ဆိုသွားတာပါ။

ဆီးရီးယားစစ်တပ်ဟာ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ သေချာ ကြိုတင် ပြင်ဆင်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားရှိတယ်။ ဒီတိုက်ခိုက်မှုကို သူပုန်တွေ လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာ သိပ်စဉ်းစားကြည့်ဖို့ မလိုဘူးလို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။

အမေရိကန် လွှတ်တော်အမတ် တချို့က ဆီးရီးယားနိုင်ငံအရေးကိစ္စမှာ အမေရိကန် ဝင်မပါသင့်ဘူးလို့ ယူဆနေကြပေမဲ့ အစွန်းရောက်သမားတွေဟာ ဓာတုလက်နက်ကို အရမ်းကို သုံးချင်နေကြတယ်။ မစ္စတာ အာဆတ်လည်း ထပ်ပြီး သုံးဦးမှာပဲလို့ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

အဆိပ်ဓာတ်ငွေ့ အသုံးမပြုရဘူးဆိုပြီး သမ္မတ အိုဘားမား က မကျော်ဖြတ်ရအောင် မျဉ်းနီ တားထားတာဟာ ကမ္ဘာအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။ အီရန်၊ ဟက်ဇဘိုလာနဲ့ မြောက်ကိုရီးယားတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ တုတ်တုတ်မှ မလှုပ်တာကို စောင့်နားထောင်နေကြတယ်လို့လည်း သတိပေးသွားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ဆီးရီးယားအစိုးရအပေါ် တိုက်ခိုက်မှု တစုံတရာ မလုပ်ခင်မှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို တောင်းခံမယ်လို့ ပြောကြားထားပါ တယ်။
XS
SM
MD
LG