သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ဖိအားတိုးပေးဖို့ တရုတ်ကို Kerry တောင်းဆိုမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်ရှိနေပြီး မကြာခင် ပြုလုပ်မယ့် တွေ့ဆုံ ဆွေးနွေးမှုတွေအတွင်း မြောက်ကိုရီးယားရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား စမ်းသပ်မှုတွေ ရပ်တန့်ရေး တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို ဖိအားတိုးပေးရေး တိုက်တွန်းဖို့ ရှိနေပါတယ်။

ဝန်ကြီးကယ်ရီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ရှိပြီး နေ့လည်စာစားရင်း ပြုလုပ်မယ့် ဆွေးနွေးပွဲမတိုင်ခင် ဝန်ကြီး ၂ ဦးဟာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အခုလ အစောပိုင်းတုန်းက မြောက်ကိုရီးယားက သူတို့အဆိုအရ ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပြောဆိုလိုက်တဲ့အတွက် နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ စီးပွားရေး အသက်သွေးကြော ဖြစ်ပါတယ်။ ဝန်ကြီးကယ်ရီရဲ့ ခရီးစဉ်အတွက် အရေးပါဆုံး အချက်တခုကတော့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ရန်စတဲ့ လုပ်ရပ်တခုလို ထင်မြင် ယူဆနေကြတဲ့ အလားတူ စမ်းသပ်မှုတွေ မြောက်ကိုရီးယားအနေနဲ့ ထပ်မံ မပြုလုပ်ရေး တရုတ်နိုင်ငံက သူ့ရဲ့ သြဇာ လွှမ်းမိုးမှုကို အသုံးချ ပြောဆိုပေးဖို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့အတွက်လည်း မြောက်ကိုရီးယားအပေါ် အရေးယူမယ့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုဟာ အရေးပါပါတယ်။

ဝန်ကြီး ကယ်ရီဟာ ကမ္ဘောဒီးယားနိုင်ငံကနေ တရုတ်နိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီမှာ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေ အပါအဝင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ကမ္ဘောဒီးယား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG