သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘောဒီးယား ရောက် ကန် နိုင်ငံခြားရေးဝန်ကြီး လူ့အခွင့်အရေး ဆွေးနွေး


ကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နှင့် ကမ္ဘောဒီးယား ၀န်ကြီးချုပ် Hun Sen တို့ တွေ့ဆုံ။

ကမ္ဘောဒီးယား နိုင်ငံကို ရောက်ရှိခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ကမ္ဘောဒီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ အင်္ဂါနေ့ ဆွေးနွေးပွဲတွေမှာတော့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးတို့ကို အဓိက ထား ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ နှစ်ဘက် အကျိုးရှိတဲ့ ဆက်ဆံရေး တရပ်ကို အပြည့်အ၀ ထူထောင်နိုင်ရေး အတွက် ကမ္ဘောဒီးယား နိုင်ငံတွင်း လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ကဏ္ဍ တိုးတက်မှုတွေက အရေးကြီးတယ်လို့ ၀န်ကြီးကယ်ရီက ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် Hun Sen ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် Kem Sokha အပါအ၀င် တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးအပြီးမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ အတွင်း လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို အလေးထား ပြောဆိုခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက ရွေးကောက်ခံ လွှတ်တော် အမတ်တွေ အားလုံး တိုက်ခိုက်ခံရမယ့် အရေး၊ ဖမ်းဆီးခံရမယ့် အရေးတွေကို စိုးရိမ်ကြောက်ရွံ့နေစရာမလိုဘဲ သူတို့ လုပ်ဆောင်စရာရှိတာတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရစေရေး ဒီမိုကရေစီ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အာရှ ခရီးစဉ် ထွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက သူ့ရဲ့ခရီးစဉ် အဆုံးသတ် အဖြစ် ဒီကနေ့မှာပဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်ရှိခဲ့ပြီး တောင်တရုတ် ပင်လယ်ပြင် အတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

တရုတ်နိုင်ငံကို မသွားခင်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ကိုလည်း ၀င်ရောက်ခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှု အခိုင်အမာ ရှိနေတဲ့ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ အမေရိကန် အစိုးရဘက်ကလည်း ဆက်ဆံရေး မြှင့်တင်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေကို ၀န်ကြီး ကယ်ရီ ၀င်ရောက်ခဲ့တာဟာလည်း နောက်လ အတွင်း ကယ်လီဖိုးနီးယားမှာ ကျင်းပမယ့် အရှေ့တောင် အာရှခေါင်းဆောင် တွေနဲ့ ဆွေးနွေးပွဲ အတွက် ပြင်ဆင်မှု တစိတ်တပိုင်း အဖြစ်လည်း သုံးသပ်သူတို့က ပြောဆိုကြပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အတွင်း တရုတ်အစိုးရရဲ့ လတ်တလော ဆောင်ရွက်ချက်တွေ အပေါ်မှာ ဘယ်လို တုံ့ပြန်မလဲ ဆိုတာနဲ့ပတ်သက်ပြီးလည်း အများ သဘောဆန္ဒကိုလည်း ၀န်ကြီးကယ်ရီက တီးခေါက်ကြည့်ခဲ့ပါတယ်။

XS
SM
MD
LG