သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကယ်ရီနဲ့ ဆော်ဒီဘုရင် ဆီးရီးယားအရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (ဝဲ) နှင့် ဆော်ဒီဘုရင် Salman bin Abdulaziz al-Saud (ယာ)။ မေ ၁၅၊ ၂၀၁၆။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (ဝဲ) နှင့် ဆော်ဒီဘုရင် Salman bin Abdulaziz al-Saud (ယာ)။ မေ ၁၅၊ ၂၀၁၆။

ဒေသတွင်း ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမယ့် ဒီသီတင်းပတ်ကုန်ပိုင်း ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကြား ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ခိုင်မာရေးအတွက် ဆော်ဒီ အာရေးဘီးယားရဲ့ ထောက်ပံ့မှုရရှိရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြိုးပမ်းပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဆော်ဒီဘုရင် Salman နဲ့ တွေ့ဆုံပြီး ဆီးရီးယားနိုင်ငံရဲ့ အခြေမခိုင်သေးတဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ထောက်ပံ့မှုရရှိဖို့ ကြိုးစားပါတယ်။ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ် ပြုတ်ကျရေး တိုက်ခိုက်နေတဲ့ သူပုန်တွေကို ဆော်ဒီ အာရေးဘီးယားနိုင်ငံက အဓိက ထောက်ပံ့နေတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဆော်ဒီ အာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir နဲ့ အတူ ဆီးရီးယားနိုင်ငံတွင်း ဖြစ်ထွန်းမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်လို့လည်း နိုင်ငံပိုင် Saudi Press Agency က ဖော်ပြပါတယ်။

ဒီနောက်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ ဗီယင်နာမြို့ကို သွားရောက်မှာဖြစ်ပြီး လစ်ဗျားနိုင်ငံ လုံခြုံရေးနဲ့ အစိုးရသစ်ကို အထောက်အပံ့ပေးရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို အီတလီ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni နဲ့အတူ ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။

Government of National Accord လို့ခေါ်တဲ့ လစ်ဗျား ကြားဖြတ်အစိုးရအနေနဲ့ ဖရိုဖရဲဖြစ်နေတဲ့နိုင်ငံကို ပြန်လည်ပေါင်းစည်းနိုင်မယ်လို့ အနောက်အင်အားကြီးနိုင်ငံတွေက မျှော်လင့်ထားတာပါ။ ၂၀၁၁ ခုနှစ်မှာ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ ရာထူးက ဖြုတ်ချခံရပြီး သတ်ဖြတ်ခံရပြီးချိန်ကစလို့ လစ်ဗျားနိုင်ငံတွင်းမှာ ကွဲပြားမှုတွေနဲ့ ပရမ်းပတာ ဖြစ်နေတာပါ။

လာမယ့် အင်္ဂါနေ့မှာတော့ ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ၁၇ နိုင်ငံပါ နိုင်ငံတကာ ဆီးရီးယား အထောက်အကူ ပြုအဖွဲ့ရဲ့ အစည်းအဝေးကို ဝန်ကြီးကယ်ရီ တက်ရောက်မှာပါ။ ဗီယင်နာ ခရီးစဉ်နောက်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ ဝန်ကြီးများ အဆင့်အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး အဲဒီကနေတဆင့် မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသစ်ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရသစ်ကို အမေရိကန်တို့က ထောက်ခံတယ် ဆိုတာကို ပြသတဲ့အနေနဲ့ မေလ ၂၂ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။

၀န်ကြီးကယ်ရီနဲ့ ဆော်ဒီဘုရင် ဆီးရီးယားအရေး ဆွေးနွေး
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG