သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နဲ့ သွေးစည်းခိုင်မာမှုပြဖို့ ကယ်ရီ ပဲရစ်ရောက်


France Paris Attacks
France Paris Attacks

ပြီးခဲ့တဲ့သီတင်းပတ်က သေနပ်ပစ်ခတ်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံနဲ့ သွေးစည်းခိုင်မာမှုပြသဖို့ ပဲရစ်မြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က IS အကြမ်းဖက်အုပ်စုကို ခြေမှုန်းရာမှာ အနိုင်ရရှိမှာဖြစ်ပြီး သူတို့ကို နှိမ်နင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။

တနင်္လာနေ့ညပိုင်း ပြင်သစ်မြို့တော်ကို နိုင်ငံခြားရေးဝန်ကြီး ဆိုက်ရောက်စဉ် လုံခြုံရေးကို တင်းကြပ်စွာချထားပါတယ်။ ဝန်ကြီး Kerry နဲ့အတူ သတင်းထောက်တွေကို လိုက်ပါခွင့်မပြုပဲ၊ ဒါဟာ ဥရောပမြို့တော်ကို သွားရောက်တဲ့ တရားဝင်ခရီးစဉ်အတွင်း ပထမဦးဆုံးအကြိမ် ခုလို ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်။

အသက်ဆုံးရှုံးသူတွေအတွက် ကြေကွဲဝမ်းနည်းမှုကို ဖြေဖျောက်လို့ ရနိုင်မှာမဟုတ်ကြောင်း ဝန်ကြီးကယ်ရီက ပြောပါတယ်။ ဒါ့အပြင် ပဲရစ်မြို့တော်မှာ ဒီလနှောင်းပိုင်းကျင်းပဖို့ရှိတဲ့ ရာသီဥတုဆိုင်ရာ ညီလာခံအပါအဝင် အခြားအစီအစဉ်တွေကို ပြောင်းလဲ ဖျက်သိမ်းခြင်း ပြုမှာမဟုတ်ဘူးလို့လဲ သူက ပြောပါတယ်။ အဲဒီညီလာခံကို တက်ရောက်ဖို့ သမ္မတ အိုဘားမားက စိတ်ဆန္ဒ စောလျှက်ရှိ ကြောင်းလဲ ပြောပါတယ်။

စောစောပိုင်းကတော့ ပြင်သစ်သမ္မတ Francois Hollande က ဆီးရီးယားအပေါ် ထိုးစစ်ကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အလေးနက် ပြောဆိုခဲ့ပါတယ်။ Versailles ရှိ ပြင်သစ်အထက်နဲ့ အောက်လွတ်တော် နှစ်ရပ်စလုံးမှာ ရှားပါးလှတဲ့ မိန့်ခွန်းပြောကြားရာမှာ ပြင်သစ်သမ္မတက - သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ လုပ်ရပ်တွေဟာ စစ်ကြေညာတဲ့ သဘော သက်ရောက်ပီး ဆီးရီးယားမှာ ဆုံးဖြတ် စီစဉ်ခဲ့တာဖြစ်သလို ဘယ်လ်ဂျီယံမှာ ပြင်ဆင်စည်းရုံးခဲ့ပြီး ကျနော်တို့ရဲ့ ပြင်သစ်မြေပေါ်မှာ လာရောက်ကျူးကျော် ကြံစည်ခဲ့တာပဲဖြစ်တယ်လို့ သမ္မတ Francois Hollande က ပြင်သစ်ဘာသာစကားနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

တနင်္လာနေ့ကလဲ ပြင်သစ်အာဏာပိုင်တွေဟာ နိုင်ငံတဝှမ်း ရဲတပ်ဖွဲ့တွေ ဝင်စီးနင်းရာမှာ လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဒီလူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးစည်းလုပ်ဆောင်ကြတဲ့ မသင်္ကာရသူတွေဖြစ်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။ လူ ၁၂၉ ဦးအနည်းဆုံး သေးဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကို အဓိက ကြံစည်ခဲ့သူအဖြစ် မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံ နိုင်ငံသား Abdel Hamid Abaaoud ကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနှစ်စောစောပိုင်းက ရဲအပေါ် မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် ဘယ်လ်ဂျီယံအာဏာပိုင်တွေက သူ့ကို အလိုရှိနေတာဖြစ်ပါတယ်။ တနင်္လာနေ့က မိန့်ခွန်းမှာ သမ္မတ Hollande က အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အဆောတလျှင် ဆုံးဖြတ်ချက်ချဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG