အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံကို တရက်တာခရီး သွားရောက်ခဲ့စဉ်က အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာပါတဲ့ စီးပွားရေးလုပ်ငန်းရှင် Max ဦးဇော်ဇော်ပိုင် ဟိုတယ်မှာ တည်းခိုသွားခဲ့တဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာ လူပြောများနေဆဲကိစ္စ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ် ဝေဖန်သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော်ကတော့ အမေရိကန်တို့ဟာ ဦးဇော်ဇော်ကို နာမည်ပျက်စာရင်းထဲက ဖယ်ထုတ်လိုတဲ့ သဘောထားကို ပြတာဖြစ်နိုင်တယ်လို့ အခုလို သုံးသပ်ပါတယ်။
“ကိုဇော်ဇော်ရဲ့ Max ဟိုတယ်မှာ တည်းတယ်ဆိုတဲ့ သဘောကိုက ကိုဇော်ဇော်နဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်အစိုးရက သိပြီးသားပါ။ အိမ်စာလုပ်ပြီးသားပါ။ ဆိုတော့ ကျနော်မြင်တယ် တခြား Crony တွေ၊ Tycoon တွေ တကယ့်နာမည်ဆိုးနဲ့ ရှိတဲ့သူတွေပေါ့နော် အများကြီးရှိပါတယ်။ ဟိုတယ်တွေ Run နေတာရှိပါတယ်။ အဲ့ဒီထဲမှာမှ သူ့ဟိုတယ်ကို ရွေးတည်းတယ်ဆိုတော့ သူတို့က ဘယ် Direction ကို သွားနေတယ်ဆိုတာကို ပြတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဒီ SDN List ထဲမှာပါတဲ့ Tycoon တွေထဲမှာ အဲ တချို့ကို ဒီ List ထဲကနေ ပြန်ထုတ်မယ်ဆိုတဲ့ သဘောထား အမေရိကန်အစိုးရမှာ ရှိပြီးသားပါ။ ကျနော့်ဘက်က သုံးသပ်ကြည့်တာကတော့ အဲ တချို့ကို List ထဲက ထုတ်ဖို့ ရှိနိုင်တယ်။ အဲ့ဒီထဲမှာ ဦးဇော်ဇော်တောင် ပါနိုင်လားဆိုပြီး ကျနော့်ဘက်က သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်က သိသိကြီးနဲ့ ၀င်တည်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဟို Hillary Clinton လာတုန်းကလည်း အန်ကယ်လ် ဦးချစ်ခိုင်ပိုင်တဲ့ ဟိုတယ်မှာ တည်းတာဖြစ်ပါတယ်။ ဦးချစ်ခိုင်ကတော့ List ထဲမှာ မရှိဘူးပေါ့လေ။”
ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော်ရဲ့အမြင်ပါ။ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း အခုလိုမျိုး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာခရီးစဉ်အတွင်းမှာ ဒဏ်ခတ်ထားတဲ့သူရဲ့ ဟိုတယ်ကို တည်းခိုတယ်ဆိုတဲ့ အပြုအမူကတော့ မြန်မာ့နိုင်ငံရေး အတိုက်အခံ အသိုင်းအဝိုင်းကို မထီမဲ့မြင်ပြုမှုလို မြင်ပါတယ်။
“ဒါကတော့ ကျနော်တို့ ဒီအသိုင်းအ၀ိုင်းထဲမှာရော နောက်ပြီးတော့ မြန်မာပြည်သူလူထုအကြားမှာရော ဒါကတော့ တော်တော်လေး အံ့သြစရာကိစ္စလို ဖြစ်သွားတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်မှာ အခြား ရွေးချယ်ပြီးတော့ တည်းစရာ ဟိုတယ်တွေလည်း ရှိနေတဲ့ အနေအထားမျိုးမှာပေါ့လေ။ ဒါကတော့ တမင်ပဲ ဒီဟိုတယ်မှာ သွားပြီး တည်းသလားပေါ့။ အဲ့ဒီလို ယူဆတဲ့သူတွေလည်း ရှိတယ်ခင်ဗျ။ ကျနော့်အမြင်အားဖြင့်တော့ Sanction ထဲမှာ ဘယ်လိုပဲပေါ့လေ ခြွင်းချက်တွေ ပါသော်ငြားလည်းပဲပေါ့ ဒီ Sanction List ထဲမှာရှိနေတဲ့ ဒီခရိုနီလုပ်ငန်းရှင်ပိုင်တဲ့ ဟိုတယ်မှာတော့ မတည်းသင့်ဘူးလို့မြင်တယ်။ အဲ့လိုတည်းတာဟာ ကျနော့်အမြင်အားဖြင့် မြန်မာပြည်သူလူထုနဲ့ မြန်မာအတိုက်အခံ နိုင်ငံရေးအင်အားစုတွေအပေါ်မှာ မထေမဲ့မြင် ပြုတဲ့သဘော သက်ရောက်တယ်လို့ ကျနော်ကတော့ အဲ့လိုမြင်တယ်ခင်ဗျ။”
ဒေါက်တာရန်မျိုးသိမ်းပါရှင်။ ဦးအောင်ဇော်ကလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ဦးဇော်ဇော် အပါအဝင် ကျန်လုပ်ငန်းရှင်အချို့ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲကနေ ဖယ်ထုတ်ဖို့ ဆွေးနွေးခဲ့ပြီး ဖြစ်ဟန်တူတယ်လို့ ယူဆပါတယ်။
“ဦးဇော်ဇော်အပါအ၀င် အထဲမှာရှိတဲ့ Tycoon တွေ တော်တော်များများနဲ့ အမေရိကန်အစိုးရက သံရုံးမှာရှိတဲ့ သံအမတ်ကြီးတွေ အပါအ၀င် စကားတွေ့ဆုံပြောပြီးပြီဆိုတာ မနှစ်က ကတည်းက ဖြစ်ပါတယ်။ ဆိုတော့ သူတို့လေ့လာနေတယ်။ နောက်ပြီးတော့ US ကသွားတဲ့ ဒီ Treasury Department က ထင်တယ် အဲ့ဒီကသွားတဲ့ မနှစ်ကသွားတဲ့ ခရီးစဉ်တခုမှာလည်း Tycoon တချို့ရဲ့ နာမည်တွေတော့ ကျနော်လည်း ပြောလို့မရဘူးပေါ့လေ Tycoon တချို့ရဲ့ ကျနော်တို့ ရေးခဲ့ဖူးတာ Tycoon တချို့ရဲ့ အကောင့်တွေ၊ သူတို့ရဲ့ Book Keeping System တွေနဲ့ ပတ်သက်ပြီးတော့ Audit လုပ်တာမျိုးတွေ ရှိတယ်လို့ ကျနော်ကြားတယ်ပေါ့လေ။ အဲတော့ ကျနော်တော့ Assume ပေါ့လေ ဦးဇော်ဇော် Max ကုမ္ပဏီကိုလည်း US က ၀င်ပြီးတော့ အဲ့လိုမျိုး Audit လုပ်ပြီးပြီလို့ ကျနော် အဲ့လိုပဲ သုံးသပ်မိပါတယ်။”
ဦးအောင်ဇော်ဖြစ်ပါတယ်ရှင်။