သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အရှေ့ခြမ်းအရေး သံတမန်ရေး အဖြေရှာဖို့ ကန်ကြိုးပမ်း


ယူကရိန်း သမ္မတ Petro Poroshenko နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry တို့ Kyiv မြို့တော်မှာ တွေ့ဆုံ။ (ဖေဖော်ဝါရီ ၅-၂၀၁၅)
ယူကရိန်း သမ္မတ Petro Poroshenko နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry တို့ Kyiv မြို့တော်မှာ တွေ့ဆုံ။ (ဖေဖော်ဝါရီ ၅-၂၀၁၅)

ယူကရိန်း သမ္မတ Petro Poroshenko အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ Kyiv မြို့တော်ကို ဒီကနေ့ပဲ ရောက်သွားတဲ့ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အသစ်တရပ်အတွက် ဆွေးနွေးဖို့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံ ခေါင်းဆောင်တွေလည်း ယူကရိန်းနိုင်ငံကို သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။

ဝန်ကြီးကယ်ရီရဲ့ ခရီးစဉ် မတိုင်မီမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပဋိပက္ခတွေရဲ့ဒဏ် ခံနေရသူ အရပ်သားတွေအတွက် လူသားချင်း စာနာမှု အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၁၆.၄ သန်း ထောက်ပံ့မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့တာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေ အနေနဲ့ ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက် အဓိကကျတဲ့ စစ်လက်နက်တွေ ထောက်ပံ့ကူညီရေး စဉ်းစားသွားမှာ ဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ပြောဆိုခဲ့ပေ မဲ့ ပေးအပ်မယ့် ပစ္စည်းတွေကို သုံးနိုင်လောက်အောင် ယူကရိန်း တပ်တွေကို လေ့ကျင့် သင်တန်း ပေးထားရဲ့လား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းအရေးမှာ ရုရှားနိုင်ငံက ထပ်မံ စွက်ဖက်လာမယ်ဆိုရင် နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ရေး ဥရောပက မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေး နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ၉ လကြာ ပုန်ကန်မှုတွေ အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆွေးနွေးမှုတွေ ပျက်ပြားခဲ့ပြီး နောက်မှာတော့ တိုက်ပွဲတွေလည်း ပြန်လည် ကြီးထွား လာနေပါတယ်။ ပြင်သစ်သမ္မတ Francois Hollande ကတော့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့အတူ ယူကရိန်းနိုင်ငံကိုသွားပြီး ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်သစ် တရပ်ကို တင်ပြမယ်လို့ ပြောဆိုခဲ့တာပါ။

ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်တို့ ယူကရိန်း သမ္မတနဲ့ ဒီကနေ့ တွေ့ဆုံပြီးရင်တော့ ရုရှားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို ခရီးဆက်မယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်း နယ်စပ်မှာ ရုရှားနိုင်ငံရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကနေ ကာကွယ်နိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက် သွားမယ့်အကြောင်း မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် Jens Stoltenberg က ဒီကနေ့မှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြောဆိုခဲ့တာပါ။

NATO အဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အတွင်းမှာလည်း ကာကွယ်ရေးအတွက် တပ်အင်အားကို ၁ သောင်း ၃ ထောင်ကနေ ၃ သောင်းအထိ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြတယ် လို့လည်း ပြောပါတယ်။ NATO အဖွဲ့အနေနဲ့ ပဋိပက္ခတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မယ့် အထူးတပ်ဖွဲ့ အသစ်တခုကိုလည်း အင်အား ၅ ထောင်လောက်နဲ့ ဖွဲ့စည်းဖို့ သဘောတူညီမှု ရကောင်းရလိမ့်မယ်လို့လည်း အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောဆိုသွားပါတယ်။

XS
SM
MD
LG