သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Kerry မြန်မာ အပါအဝင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဗုဒ္ဓဟူးနေ့မှာ မယ်ရီလန်းပြည်နယ် Silver Spring က IRC International Rescue Committee နိုင်ငံတကာ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ရုံးခွဲကို သွားရောက်ခဲ့ပြီး မြန်မာ၊ ဆီးရီးယား၊ အီရတ်၊ Eritrea၊ ကွန်ဂို အပါအဝင် နိုင်ငံ အများအပြားကနေ အမေရိကန်နိုင်ငံကို လာရောက်ကြတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တွေဟာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်၊ မြန်မာနိုင်ငံ၊ Eritrea၊ ကွန်ဂို စသဖြင့် နိုင်ငံအမျိုးမျိုးက ဖြစ်ပါတယ်။ သူတို့တတွေဟာ အကြမ်းဖက်မှုဒဏ် အသက်အန္တရာယ်ဘေးကနေ လွတ်မြောက်ဖို့ သူတို့မိသားစုတွေနဲ့အတူ ထွက်ပြေးလာခဲ့ကြတာပါ။ သူတို့အနေနဲ့ ဘဝသစ်ထူထောင်နိုင်ကြဖို့ ဒီနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ လူတိုင်း ဒီလို ပြောခဲ့ပါတယ်။ သူတို့ဘဝသစ် ထူထောင်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါ။”

အမေရိကန်နိုင်ငံကို ဘဝသစ်စဖို့ ရည်ရွယ်ချက်နဲ့ လာရောက်သူတွေရဲ့ အောင်မြင်မှုတွေကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ အမေရိကန်နိုင်ငံမှာ အခြေတကျ နေနိုင်အောင် အလုပ်လုပ်ဆောင်မှုတွေမှာ အဆင်ပြေအောင် အကူညီပေးနေတဲ့ အဖွဲ့ကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဝန်ကြီးကယ်ရီဟာ ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကအလယ်ပိုင်း ဒေသအတွက် ကူညီပံ့ပိုးမှုတွေ ပိုပေးနိုင်ဖို့ ရည်မှန်းချက်ထားပြီး ဒုက္ခသည်လက်ခံရေး တိုးချဲ့မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး John Kerry က အမေရိကန်ရဲ့ ဒီနှစ်အတွက် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက် ပန်းတိုင်ကို ချပြရင်း အခုလို တိုးချဲ့မယ့် အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးကယ်ရီက အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ El Salvador - Guatemala နဲ့ Honduras နိုင်ငံတွေက နိုင်ငံသားတွေကိုလည်း တလှည့် အထောက်အကူပေးဖို့ တရားဝင်ကမ်းလှမ်းမှု အသစ်တွေ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။

အဲဒီနိုင်ငံတွေက လူအများအပြားဟာ အမေရိကန်နိုင်ငံထဲ ဝင်နိုင်ဖို့ အန္တရာယ်ကြီးတဲ့ ခရီးလမ်းတွေကို ဖြတ်သန်းဖို့ ကြိုးစားနေတာမို့ ဒါဟာ သူတို့ကို လူကုန်ကူးမှုရဲ့ သားကောင်တွေ ဖြစ်စေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG