သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲနဲ့ မြန်မာပြည် တိုးတက်ပြောင်းလဲမှု ကမ္ဘာကအကဲခတ်မည်


မြန်မာနိုင်ငံမှာ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံမှာ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)

မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ တိုးတက်မှုတွေ ရှိနေတယ်ဆိုပေမယ့် ရှေ့ဆက်လုပ်ဆောင်စရာတွေကတော့ အများကြီး ကျန် ရှိနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုလိုက်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေရာမှာ အကဲစမ်းမှုတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို လိုလားပြီး တစိုက်မတ်မတ် ကြိုးစားနေကြသူတွေရှိသလို မလိုလားသူတွေလည်း ရှိနိုင်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြီးဟာ မြန်မာနိုင်ငံအတွက် အလွန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု အနေအထား ဘယ်လောက်ရှိဆိုတာ တွေ့ကြရမှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံ၊ နေပြည်တော်က အာဆီယံအစည်းအဝေးအတွင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံ၊ နေပြည်တော်က အာဆီယံအစည်းအဝေးအတွင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)

မြန်မာနိုင်ငံအနေနဲ့ ဘယ်ကို ဦးတည် သွားနေသလဲဆိုတာကို နိုင်ငံတကာက ရှေ့နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြီးနဲ့ စံထားပြီး အကဲဖြတ်ကြမှာ လုံး၀ သေချာပါတယ်။ ဒါ့အပြင် အလွန်ကို အရေးကြီးတာကတော့ ဒီရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရှိရမယ်၊ တာဝန်ယူမှုရှိရမယ်၊ လွတ်လပ်ပြီးတော့ တရား မျှတရမယ်၊ စောင့်ကြည့်လေ့လာခွင့်ပြုရမယ် အဆုံးသတ်မှာ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၆ ခုနှစ်ကျရင် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေးကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်-လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ၊ ရှေ့ဆက် လုပ်ဆောင်မယ့် အစီအစဉ်တွေအပါအဝင် လူ့အခွင့်ရေး အခြေအတွေကိုပါ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ပွင့်ပွင့်လင်းလင်း အချိန်ယူ ဆွေးနွေးခွင့်ရခဲ့တယ်လို့လည်း ဝန်ကြီး ကယ်ရီက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြား ခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းကလည်း ဝန်ကြီးကယ်ရီဟာ တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း အားလုံးအနေနဲ့ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း သတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ အရေးကြီးကြောင်း အသိအမှတ်ပြုခဲ့ကြပါတယ်။ အားလုံးအနေနဲ့ ရှင်းလင်းတင်ပြ တောင်းဆိုတာတွေကို နိုင်ငံတကာဥပဒေနဲ့ အညီဖြစ်စေပြီး ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမယ်၊ ဥပဒေနဲ့အညီဖြစ်ရမယ်၊ နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း မထိခိုက်စေဘဲ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်စေရမယ် ဆိုတာတွေပါပဲလို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ကတော့ တင်းမာမှုအခြေအနေတွေကို ချဲ့ကားပြီး ပြောဆိုနေကြတယ်လို့ ပြောပါတယ်။ တောင်တရုတ်ပင်လယ် ဒေသ တည်ငြိမ်မှုကို လိုချင်ကြောင်း တရုတ်ဝန်ကြီးကပြောပါတယ်။ တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး မိတ်ဆွေတွေလို ဆွေးနွေးတိုင်ပင်လိုကြောင်းလည်း ပြောပါတယ်။

ဝန်ကြီးကယ်ရီဟာ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ရန်ကုန်မြို့ကို ရောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့နေအိမ်မှာ သွားရောက်ပြီးတော့ မိနစ် ၅၀ ကြာတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် မစ္စတာကယ်ရီဟာ သြစတေးလျနိုင်ငံကို ဆက်လက်ထွက်ခွာသွားပါတယ်။

XS
SM
MD
LG